WikiLeaks ထူထောင်သူ နေရပ်ပြန်လွှတ်ပေးဖွယ်ရှိ 

WikiLeaks ဝဘ်ဆိုဒ် တည်ထောင်သူ Julian Assange ကိုဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄) ဓာတ်ပုံ - Wikileaks via X/via REUTERS

အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက် သတင်းတွေကို အင်တာနက်မှာ ဖောက်ချခဲ့တာကြောင့် သူလျှိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ WikiLeaks ဝဘ်ဆိုဒ် တည်ထောင်သူ Julian Assange လိုက်ပါလာတဲ့ လေယာဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ဆင်းသက်ပါတယ်။

Julian Assange ဟာ မနေ့က တနင်္လာနေ့ ဗြိတိန်နိုင်ငံ အချုပ်ထောင်ကနေ ထွက်လာတာပါ။ သူ လွတ်မြောက်ရေး အပေးအယူလုပ်တဲ့အနေနဲ့ အနောက် ပစိဖိတ်ဖိတ် သမုဒ္ဒယာထဲက အမေရိကန်ပြည်ထောင်စုပိုင် ဓနသဟာယကျွန်း တခုဖြစ်တဲ့ Mariana ကျွန်း တရားရုံးမှာ လာရောက်ပြီး အပြစ်ရှိကြောင်း ဝန်ခံပါလိမ့်မယ်။

အပြစ်ရှိကြောင်း ဝန်ခံပြီးရင် သူ့အပေါ် ရာဇဝတ်မှု စွဲဆိုချက်တွေကို ပလတ်ပေးမှာ ဖြစ်တဲ့အတွက် ဩစတေးလျနိုင်ငံကို မနက်ဖြန် ပြန်ခွင့်ပေးဖို့ သဘောတူထားတဲ့အကြောင်း သတင်းတွေမှာ ရေးပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စစ်ဖက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ သံတမန်တွေကြား ဆက်သွယ်တဲ့ လျှို့ဝှက်စာတွေကို တရားမဝင်ရယူပြီး ၂၀၁၀ ခုနှစ်မှာ ထုတ်ဖေါ်ခဲ့တာကြောင့် အမေရိကန် တရားရေးဌာနက Julian Assange သူလျှိုမှုနဲ့ တရားစွဲဆိုထားတာပါ။ သတင်းလွတ်လပ်ခွင့် အတွက် လှုပ်ရှားသူတချို့ကတော့ အီရတ်နဲ့ အာဖဂန်စစ်ပွဲကာလ အမေရိကန်စစ်တပ်နဲ့ သံတမန်ရေးလောက မှားယွင်းမှုတွေကို ဖွင့်ဟထုတ်ဖေါ်ခဲ့သူအဖြစ် သတ်မှတ်ထားပါတယ်။ Assange ကို တခြားအမှုတမှုမှာ အာမခံဖောက်ဖျက်မှုအတွက် ဗြိတိသျှ အာဏာပိုင်တွေက ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ဆွီဒင်နိုင်ငံမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးခံရမှာကို တိမ်းရှောင်ပြီး အခုနောက်ဆုံး အဖမ်းမခံရခင် လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ၇ နှစ်ကြာ ခိုလှုံခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

WikiLeaks ထူထောင်သူ နေရပ်ပြန်လွှတ်ပေးဖွယ်ရှိ