မြန်မာ့အရေး ဆွေးနွေးဖို့ ကုလအထူးကိုယ်စားလှယ် နောက်တကြိမ် မြန်မာပြည်သွားမည်

ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးမှာတွေ့ရတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop (အောက်တိုဘာ ၂၉၊ ၂၀၂၄)

မြန်မာ့အရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နောက်တကြိမ် မြန်မာနိုင်ငံ ထပ်သွားမယ်လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ထပ် ပြန်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က ကုလ အထွေထွေညီလာခံမှာ မနေ့က ပြောလိုက်တာပါ။

အထွေထွေညီလာခံရဲ့ တတိယကော်မတီကို အစီရင်ခံတာမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ပထမဆုံးတွေ့ခဲ့တဲ့ Julie Bishop က၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေအဓိကပြောတဲ့ ဒီ တတိယကော်မတီမှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Julie Bishop က စစ်ကောင်စီခေါင်းဆောင်နဲ့ ဘယ်နေ့တွေ့ခဲ့တာကိုထုတ်မပြောခဲ့ပေမဲ့၊ ဒီလလယ်ပိုင်းက နေပြည်တော်မှာသွားတွေ့ခဲ့တာလို့ နီးစပ်သူတွေက VOA ကို ပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့တွေ့ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို လွန်ခဲ့တဲ့ ၂ လ သြဂုတ်တုန်းက Julie Bishop ပေကျင်းမြို့တော်မှာသွားတွေ့ခဲ့အပြီးနဲ့ ဒီလဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲထဲ မြန်မာအတိုက်အခံတွေနဲ့တွေ့အပြီး၊ အခုခရီး စီစဉ်မှုဖြစ်လာခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောကလည်း တွေ့ဆုံမှုကို အတည်ပြုပေမဲ့ ဆွေးနွေးမှု အသေးစိတ်တော့ မပြောပါဘူး။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို VOA က ဆက်သွယ်ထားပေမဲ့ အခုအချိန်ထိ အကြောင်းပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

မြန်မာ့အရေး ဆွေးနွေးဖို့ ကုလအထူးကိုယ်စားလှယ် နောက်တကြိမ် မြန်မာပြည်သွားမည်