လူ့ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေး ကချင်ဒုက္ခသည်တွေ တောင်းဆို

ကချင်တကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် နှစ်ပတ်လည် (သတင်းဓါတ်ပုံ - Kachin Youth Movement)

ကချင်စစ်ရှောင်ဒုက္ခသည်တွေ မိမိတို့နေရပ်ကို ကိုယ့်သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးနဲ့ လက်ရှိစစ်ရှောင်စခန်းတွေထဲမှာ လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နေနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုပေးရေးတွေကို တကျော့ပြန် ကချင်စစ်ပွဲ ရှစ် နှစ်ပြည့်ချိန် ကချင်စစ်ရှောင်လူငယ်တွေက တောင်းဆိုလိုက်ကြပါတယ်။ ကချင်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ တိုက်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး တရားစီရင်ဖို့ကိုလည်း နိုင်ငံတကာရောက်ကချင်တွေကလည်း တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်း မြန်မာ့အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ၂၀၁၁-ခုနှစ်ကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့လို့ ကချင်ဒေသခံပြည်သူ ၁၀၀,၀၀၀ ကျော်ဟာ အစိုးရ ထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေ နဲ့ တရုတ်-မြန်မာနယ်စပ်က စစ်ဘေး စစ်ရှောင်စခန်းတွေဆီမှာ ခိုလှုံနေထိုင်နေခဲ့ရတာ ရှစ် နှစ် တင်းတင်းပြည့်ပါပြီ။

ဒီစစ်ရှောင် ၁၀၀,၀၀၀ ကျာ် နေရပ်ရင်း ပြန်လည်အခြေချနေထိုင်ရေးတွေ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပေမဲ့လို့ IDPs စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်း ဂုဏ်သိက္ခာရှိစွာ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးနဲ့ နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေမှာ ဒုက္ခသည်တွေ ကိုယ်တိုင်ပူးပေါင်းပါဝင်ရေးတွေကို စစ်ရှောင်လူငယ်တွေက တကျော့ပြန်စစ် ရှစ်နှစ်ပြည့်ချိန် တောင်းဆိုလိုက်ကြပါတယ်

စစ်ရှောင်ပြည်သူတွေ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နဲ့ လက်ရှိစစ်ရှောင်စခန်းတွင်း လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေ ရရှိရေးနဲ့ လူငယ်တွေအတွက် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ IDPs ရပိုင်ခွင့်တွေကို အစိုးရ ထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေ က စစ်ရှောင်လူငယ်တွေက ပူးပေါင်းဆွေးနွေးပြီး တောင်းဆိုကြပါတယ်။

KIO ထိန်းချုပ်ရာနယ်မြေ စစ်ရှောင်စခန်းက ဆွမ်လွတ်နောင်လတ်က ကချင်လူငယ်တွေသဘောထား အခုလိုပြောပါတယ်။

"IDPs အားလုံးနဲ့ ယှဉ်ပြီး ပြောရမယ်ဆိုလို့ရှိရင်တော့ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဒီနိုင်ငံတကာ စံနှုန်းနဲ့ သတ်မှတ်ထားတဲ့ IDPs ရဲ့ ရပိုင်ခွင့်တွေ နဲ့ မူလ နေရပ် ကျနော်တို့ နေရပ်ကို ပြန်တဲ့အချိန်မှာ လုံခြုံမှုရှိစွာနဲ့ အာမခံတဲ့၊ အဓိကကတော့ လုံခြုံရေး အာမခံတဲ့ အနေအထားတခုကို ကျနော်တို့က ဖြစ်စေချင်တယ်။ လွတ်လပ်စွာ သွားလာခွင့်ဆိုတဲ့ အချက်အပေါ်မှာတော့ ဒါ လူငယ်တွေတင်အတွက်ပဲလည်း မဟုတ်ပါဘူး။ ပြစ်ဒဏ်ခတ်နေရတဲ့ ကျနော်တို့ ခရီးသွားလာခွင့်တွေ နောက်တခုက ပညာရေးမှာ ကျနော်တို့က မျှော်လင့်ချက် မရှိတဲ့ အခြေအနေမျိုးကို ကျနော်တို့က ရောက်နေတယ်။ အဲ့ဒီပညာရေးကို မိဘတွေ မပံ့ပိုးနိုင်ဘူး။ ပြီးတော့ camp အတွင်းမှာ ကျနော်တို့က ကလေးတွေများတယ်။ ကျောင်းဆောင်တွေ မလောက်ဘူး။ ဆရာ၊ ဆရာမ အင်အားမလောက်ဘူး။ အဲ့ဒါမျိုးတွေ အဘက်ဘက်က ကျနော်တို့က ဒီ ရှစ်နှစ် အတွင်းမှာ ကျနော်တို့ ကြုံတွေ့နေရတဲ့ ပညာရေး အခြေအနေ၊ လူမှုရေး အခြေအနေ ဒါတွေက တဖြည်းဖြည်း၊ တဖြည်းဖြည်း နှိမ့်ကျလာတယ်။"

ကချင်စစ်ပွဲတွေ တကျော့ပြန်ဖြစ်ခဲ့တာ ရှစ်နှစ်ပြည့်ပေမဲ့ အခုချိန်အထိလည်း စစ်ရေးတင်းမာနေဆဲမို့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိအောင် တပ်စခန်းတွေကို အမြန်ဆုံးရုပ်ပေးဖို့အပါအဝင် တောင်းဆိုချက်တွေကို နိုင်ငံတကာကချင်ကွန်ရက်က အရေးပေါ်တောင်းဆိုပါတယ်။

နိုင်ငံတကာကချင်ကွန်ရက်အဖွဲ့ဝင် ဂျပန်နိုင်ငံက ဒေါ်မရစ်ဆိုင်းဘူကတော့-

"(၁) အချက်ကတော့ မြန်မာ့တပ်မတော် အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဟာတွေကို အမြန်ဆုံး ရပ်တန့်စေချင်တယ်ပေါ့။ အခုက ရပ်တန့်ထားပါတယ်လို့ ပြောပြီးတော့မှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ အဲ့ဒါတွေကို အမြန်ဆုံး ရပ်တန့်စေချင်တယ်။ အခုကျမတို့ ကချင်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာကို သေသေချာချာ ဖြေရှင်းစေချင်တယ်။ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ရရှိတဲ့အထိ အပြန်အလှန် တယောက်နဲ့တယောက် ယုံကြည်မှုရှိပြီးတော့ ဆွေးနွေးပွဲရပ်ကို တကယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ရော အားလုံးက ဝိုင်းဝန်းပြီးတော့ လုပ်စေချင်တဲ့ ဆန္ဒပေါ့နော် ကချင်တမျိုးသားလုံးကနေပြီးတော့ ဒီ statement ကို ထုတ်ရတာဖြစ်တယ်။"

ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေအပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေအတွင်း စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှု အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ အတွက် အမိန့်ပေးညွှန်ကြားသူတွေအပါအဝင် ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး တရားစီရင်နိုင်ဖို့ကိုလည်း နိုင်ငံတကာကို ကချင်နိုင်ငံတကာကွန်ရက်က တောင်းဆိုပါတယ်။

"ဒီ နစ်နာတဲ့ လူတွေအတွက် အားလုံး ကျေနပ်တဲ့အထိ လုပ်ဆောင်စေချင်တယ်။ တာဝန်ယူပေးစေချင်တယ်။ အပြစ်ရှိတဲ့သူကို ပြစ်ဒဏ်ခတ်စေချင်တယ်။ ကျမတို့ တကယ်တမ်း ဒီအရပ်သားအစိုးရကို တကယ်ပဲ မျှော်လင့်ခဲ့တယ်။ တကယ်ကိုပဲ အားကိုးခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျမတို့ ထင်သလို မဖြစ်လာခဲ့ဘူး။ ပိုမိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေတခုကို ရောက်သွားတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် သိနေတာပဲလေ။ တကယ်တမ်း နိုင်ငံတော် အနေနဲ့ တာဝန်ယူတယ်ဆိုလို့ရှိရင်တော့ ဒီပြဿနာကို တကယ်ကို ဖြေရှင်းသင့်ပါတယ်လို့ ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်။"

လက်ရှိကချင်စစ်ရှောင်စခန်းတွေတွင်းက နေထိုင်ရေး၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနဲ့ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မှုဟာ အရမ်းကို အားနည်းပြီး အခက်ခဲတွေကြုံနေရပါတယ်။ KIO ထိန်းချုပ်နယ်မြေက စစ်ရှောင်လူငယ် ကိုဆွမ်လွတ်နောင်လတ်က -

"ဒီစစ်ရှောင်လူငယ်တွေများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လမ်းဖွင့်ပေးဖို့ ဦးဆောင်စေချင်တယ်။ ကျနော်တို့ သွားလာခွင့်တွေ၊ သယ်ယူပို့ဆောင်မှုတွေ အကုန်လုံးမှာ ကျနော်တို့က အခက်အခဲတွေ ဖြစ်တယ်။ ကျနော်တို့ ဒီစခန်းအတွင်းမှာ အခု လက်ရှိဖြစ်ပျက်နေတာက စားဝတ်နေရေးအတွက်ဆိုရင် အဓိကက အစားအစာပေါ့နော်။ အခုဒီနှစ်တွေ ကြာလာတာနဲ့ အမျှ ဒါစားနပ်ရိက္ခာတွေ လျှော့ချတာတွေ ရှိတယ်။ ပြီးတော့ တချို့ဒေသတွေမှာ ဒီစားနပ်ရိက္ခာ သယ်ဆောင်ခွင့်မရှိတာတွေ၊ ပိတ်ပင်တာတွေ အဲ့ဒါမျိုးတွေ ရှိတယ်။ ဆိုတော့ စားနပ်ရိက္ခာတွေကို သယ်ဆောင်တဲ့အချိန်မှာ အတားအဆီးမရှိ အစိုးရခွင့်ပြုချက်နဲ့ အကုန်လုံး အတားအဆီးမရှိ သယ်ဆောင်ခွင့်ရှိချင်တယ်။ ပြီးတော့ စခန်းအတွင်းမှာ ကျနော်တို့ အသက်ရှင်နေထိုင် ခိုလှုံဖို့ဆိုတဲ့နေရာမှာတော့ ကျနော်တို့က ဒီ ခုနစ်ပေ၊ ရှစ်ပေ၊ ဆယ်ပေ ဒီအခန်းတွေက ကျနော်တို့ မိသားစုဝင်များတဲ့ လူတွေအတွက်က အရမ်းကို ခက်ခဲတယ်။ စခန်း တည်ဆောက်ပုံတွေ အခန်းကျယ်ကျယ်တွေ ဖြစ်နိုင်တယ်ဆိုရင် ကျနော်တို့က ပြောင်းစေချင်တယ်ပေါ့နော်။"

အခုလို တစ်ကျော့ပြန် ကချင်စစ်ပွဲ ရှစ် နှစ်ပြည့် ချိန်မှာ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းဖို့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတရပ်ကိုလည်း ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသေးတယ်။

လတ်တလောမှာတော့ ကချင်ပြည်နယ်တွင်း စစ်ရှောင်ပြည်သူတွေ နေရပ်အမြန်ဆုံးပြန်နိုင်ရေး ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အတူ ကချင်ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေး အသင်း KHCC တို့ပူးပေါင်းပြီး ကချင်စစ်ရှောင်စခန်းတွေအထိ သွားရောက်ပြီး စစ်ဘေးစစ်ရှောင် ဒုက္ခသည်တွေရဲ့ သဘောဆန္ဒတွေကိုလည်း ကွင်းဆင်းလေ့လာစုံစမ်းပြီး စစ်ရှောင်စခန်းတွေ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးစတာတွေကို ဆောင်ရွက်နေပါတယ်။

Your browser doesn’t support HTML5

ဂုဏ်သိက္ခာရှိရှိနေရပ်ပြန်ရေး ကချင်ဒုက္ခသည်တွေ တောင်းဆို