ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့မှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံပြည်သူတွေ တိုက်ပွဲအတွင်း ပိတ်မိတာရှိသလို ထိခိုက်သေဆုံးတာလည်း ရှိနေပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့ တပ်စခန်း အတော်များများကို သိမ်းယူကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ KIA ဘက်ကတော့အတည်ပြုတာမရှိသေးပါဘူး။ ဗန်းမော်မြို့တိုက်ပွဲသတင်း ရန်ကုန်က ပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ဒီလ ၄ ရက်နေ့ မနက်ပိုင်းက စတင်ပြီး KIA ပူးပေါင်းတပ်တွေဟာ မိုးမောက်၊ မံစီနဲ့ ခူးလီ၊ နန့်လိုင်စတဲ့ စစ်မျက်နှာ ၃ ဘက်ကနေ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေခဲ့တာပါ။ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားသေဆုံးတာတွေလည်း ရှိနေတယ်လို့ ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။
“တိုက်ပွဲတော့ ဒီနေ့လည်း တနေကုန် ဆက်ဖြစ်နေသေးတယ်တဲ့။ ဒီမနက်ကနေ ၅ နာရီလောက်နေ ပြန်စတယ်တဲ့။ မနေ့ညက နည်းနည်းငြိမ်နေတယ်။ ဒီမနက် ၅ နာရီကနေ ပြန်စတယ်ပြောတယ်။ သေတာလည်း ပြည်သူ ၁၀ ယောက်လောက်သေတယ် ကြားတယ်။ ထိတဲ့သူလည်း များတယ်တဲ့။ နေအိမ်အဆောက်အဦး မီးလောင်တာတွေ ရှိတယ်။ တချို့ပြည်သူတွေက ပိတ်မိနေလို့ ထွက်ပြေးလို့ မရတာတွေလည်း ရှိတယ်တဲ့။ ဗန်းမော်မြို့ ပတ်ပတ်လည် ဝိုင်းပြီးတိုက်နေတာ။ လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိတယ်။ မနေ့တုန်းကလည်းလာတယ်။ ဒီနေ့လည်း လာတယ်လေ။”
အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေတာလား၊ လက်နက်ကြီး ထိမှန်တာလားဆိုတာကို အတိအကျ မသိရကြောင်း ပြောပါတယ်။KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ရှေ့တန်းသတင်းတွေ မရသေးကြောင်း ပြောပါတယ်။
“ဒီနေ့တော့ ဘာမှ သတင်းထူးတွေ မတက်ဘူး။ ဗန်းမော်ဘက်ကလည်း မနေ့က သတင်းပဲ ရှိပါတယ်။ ဒီကနေ့ အခုထိကတော့ ဘာမှ သတင်းထူးတာ မတက်ဘူး။”
လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဗန်းမော်နဲ့ မံစီကြားက ခလရ ၄၇ နဲ့ စစ်ကောင်စီရဲ့ ကာကင်း စခန်း ၇ ခုထက်မနည်း ကို သိမ်းယူလိုက်ကြောင်းနဲ့ တင့်ကားအချို့ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြတာတွေ ရှိနေပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ စခန်းသိမ်းတဲ့သတင်းကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။
“ကျနော်တို့ဘက်ကသတင်းကတော့ အတည်ပြုနိုင်တဲ့ စခန်းသိမ်းသတင်းတွေကတော့ မရှိဘူး။ ဟို ကာကင်းတွေပေါ့။ဗန်းမော်နဲ့ မံစီနားဘက်မှာ သူတို့ ကာကင်းတွေ ချထားတဲ့နေရာတွေပေါ့။ Post အဆင့်တောင် မရှိဘူး။ တောထဲမှာတောင်ထဲမှာ ရပ်ကွက်ထဲမှာ စစ်သားတွေကို ချပြီးမှ ကင်းပုန်းထိုးထားတဲ့ အဲဒီနေရာတွေကတော့ သိမ်းလို့ ရတယ်လို့ပြောတယ်။”
အင်္ဂါနေ့က ဗန်းမော်နဲ့ မံစီဘက် တိုက်ပွဲပြင်းထန်ချိန်မှာ မြစ်ကြီးနားအခြေစိုက် နမ့်ပေါင်လေတပ် အခြေစိုက်စခန်းကိုရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်က ပြန်လှန်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲကျတာရှိကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ နမ့်ပေါင်လေတပ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့လည်း အောက်ခြေက သတင်းပို့တာတာ မရှိကြောင်း ပြောပါတယ်။ ဗန်းမော်- မံစီဒေသ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စက်တင်ဘာလကုန်ပိုင်းက တရုတ်မြန်မာနယ်စပ်ရှိ ကချင်အထူးဒေသ (၁) ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲ ဖြစ်နေချိန်မှာ တိုက်ပွဲတွေရပ်တန့်ဖို့အတွက်တရုတ်နိုင်ငံက KIA ကို ဖိအားပေးတောင်းဆိုတာတွေရှိခဲ့ပြီး နယ်စပ်ဂိတ်တွေ ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ KIA ဘက်ကနိုဝင်ဘာလအတွင်းမှာ အထူးဒေသ (၁) က နောက်ဆုံးကျန်ရှိတဲ့ ကန်ပိုက်တီကို ဆက်လက် သိမ်းယူခဲ့သလို အထူးဒေသ(၁) ကို ဖျက်သိမ်းကြောင်းလည်း ကြေညာခဲ့ပါတယ်။ မတ်လမှာ စတင်ခဲ့တဲ့ KIA ရဲ့ထိုးစစ်အတွင်းမှာတော့ မြို့ပေါင်း တဒါဇင်ခန့်ကို သိမ်းယူထားပြီးလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5