မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ညှိနှိုင်းပြီး နယ်စပ်ဂိတ်တချို့ပြန်ဖွင့်လို​​​​​​​

မြန်မာနိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ တရုတ်နိုင်ငံဘက်က ယီနန်ခရိုင် Ruili မြို့က နယ်စပ်ဂိတ် ယခင်မှတ်တမ်းဓာတ်ပုံ

မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တဖက်သတ်ပိတ်ထားတဲ့တရုတ်ဟာ ယူနန်အတွက် အရေးပါတဲ့ နယ်စပ်ဂိတ်တချို့ကို ပြန်ဖွင့်ပေးချင်တဲ့ အရိပ်အယောင်တွေမြင်နေရတယ်လို့ ကချင်နဲ့ ရှမ်းမြောက်ဒေသက ဒေသခံတွေက ပြောပါတယ်။ အကြောင်းကတော့ မြေရှားသတ္တုအပါအဝင် တရုတ်အကျိုးစီးပွားတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ပိတ်ဆို့လိုက်တာကြောင့် ဖြစ်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မှာ အပစ်အခတ်တွေရပ်ပြီး အခုသီတင်းပတ်ထဲမှာ မြေရှားသတ္တုကို ပြန်ပြီး တင်သွင်း လို့ရအောင် မြန်မာဘက်က လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ တရုတ်ကညှိနှိုင်းနေတယ်လို့ တရုတ်အွန်လိုင်း သတင်းဆောင်းပါးတချို့မှာ ရေးသားထားပါတယ်။ တရုတ်က တနှစ်ကို မြေရှားသတ္တုတန်ချိန် ၄၀,၀၀၀ နီးပါး မြန်မာဆီကနေရနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်စပ်ဂိတ်တွေကို တရုတ်ကပြန်ဖွင့်ပေးပြီး တချိန်တည်းမှာပဲ တိုးတိုးတိတ်တိတ် ကြားဝင်ညှိနှိုင်းပေးနေကြောင်း ကချင်အရပ်ဘက်အဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ လက်ရှိအခြေအနေမှာ စီမံကိန်းတွေကို တရုတ်ဘက်ကပြန်စဖို့ တွန်းအားပေးနေတာကို လက်မခံကြောင်းလည်း ကချင်အရပ်ဘက်အဖွဲ့ဝင်တဦးက ပြောပါတယ်။

"လက်ရှိစစ်အာဏာရှင်စနစ်မှာ ဘာစီမံကိန်းမှ မလုပ်သင့်ဘူးပေါ့။ ဌာနေတိုင်းရင်းသားနဲ့ ပြည်သူတွေအတွက်အကျိုးပြုတဲ့ အသက်မွေးဝမ်းကြောင်း၊ အသိပညာဖွံ့ဖြိုးတိုးတက်မှု ဒါတွေမှာ အကျိုးတိုက်ရိုက်ရရှိတဲ့ Bottom-up project ပေါ့နော် ဒီလိုမျိုး စီမံကိန်းတွေပဲ သွားသင့်တာပေါ့နော်။ လက်ရှိမှာ အကျိုးအမြတ်ရနေတဲ့ ခရိုနီနဲ့ ကုမ္ပဏီနဲ့ စစ်အာဏာရှင်နဲ့ အာဏာရှိတဲ့သူတွေအတွက်ပဲ မဖြစ်သင့်ဘူး။"

ပန်ဝါဒေသမှ မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းခွင်တချို့ယခင်မှတ်တမ်းဓာတ်ပုံ။

မြေရှားထွက်တဲ့နေရာ အများစုကို ရရှိထားတဲ့ ကချင်လွတ်မြောက်ရေး တပ်တော် KIA ကတော့ တရုတ်ရဲ့ ဆွေးနွေးမှုတွေကို လက်မခံသလို နယ်စပ်ဂိတ်တွေကိုလည်း တန်ပြန် ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြေရှားတူးဖော်ရေး လုပ်ကွက်တွေကို KIAက ထိန်းချုပ်လိုက် ပေမဲ့ တရုတ်အတွက်တော့ ကြီးကြီးမားမား ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ တရုတ်ဘက်က သတင်းတွေက တုံ့ပြန်ထားတာပါ။

အကြောင်းကတော့ တရုတ်မှာအလုံအလောက် သိုလှောင်ထားပြီး ဈေးနှုန်းလည်းတည်ငြိမ်နေတယ်လို့ China Rare Earth Industry Association (တရုတ်မြေရှားတူးဖော်ရေးအသင်း) ကို ကိုးကားဖော်ပြ ခဲ့တာပါ။ နိုဝင်ဘာလ ၁၁ရက်က Dysprosium (ဒစ်ပရိုစီယမ် အောက်ဆိုက်) တတန်ကို ယွမ်ငွေ သန်း ၁.၇၄ ရှိတယ်လို့ ဆိုပါတယ်။ ဒီဈေးက အောက်တိုဘာလ ၂၃ ရက်က ပေါက်ဈေးနဲ့ အတူတူပဲလို့ တုံ့ပြန် ထားတာပါ။

ရှမ်းမြောက်က နယ်စပ်ဂိတ်တွေမှာတော့ မြန်မာဘက်ပို့မယ့် ကုန်ပစ္စည်းမှန်သမျှ တရုတ်က ပိတ်ထားတုန်းဖြစ်ပါတယ်။ မူဆယ်မြို့ကဂိတ်တွေမှာ မြန်မာဘက်က လူအဝင်အထွက်ကို ခွင့်ပြုထားပေမဲ့ လူပေါ်ပါတဲ့ အဝတ်အစားကလွဲလို့ ဘာပစ္စည်းမှ မြန်မာဘက်ကို ယူလာလို့ မရပါဘူး။

မူဆယ်မြို့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တခုတည်းကျန်တဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့လည်းဖြစ်ပါတယ်။ ဒါကြောင့် စက်သုံးဆီကို တရုတ်က ပေးနေတုန်းဖြစ်ပေမဲ့ တလီတာကို ကျပ် တသောင်းကျော် ပေးဝယ်ရကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်က ကားသမားဆိုတော့လေ အခုလောလောဆယ် အတိုင်းအတာမှာ ဆီနည်းနည်းအခက်အခဲ ဖြစ်နေတယ်။ မူဆယ်မှာ တလီတာတသောင်း။ အဲဒါမှောင်ခိုဈေးပေါ့။ ဆီဆိုင်တွေက ဖွင့်တော့ ဖွင့်ပေးတယ်။ ဒါပေမဲ့ တလီတာ တသောင်း၊ တရုတ်ဘက်ကပဲ လာတာပဲ။ ဒီမူဆယ်သုံးဖို့ကတော့။ ဆီကတော့ ဆိုင်တိုင်းရှိတယ်ဗျ။ ဒါပေမဲ့ အဲလိုမျိုးပေါ့။ အထက်က မရောင်းခိုင်းတာပေါ့ ဒါပါပဲ။ အဲဒါကြောင့်မို့ ကျနော်တို့တောင် ကုန်စည်သယ်ဆောင်ဖို့ ခက်ခဲသွားတော့ ကားအခေါက်ရေ နည်းနည်း နည်းသွားတာပေါ့ဗျာ။"

ကချင်ပြည်နယ်ကမှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက နယ်မြေအများအပြားကို အောက်တိုဘာလအတွင်း သိမ်းပိုက်ရရှိပြီးနောက် တရုတ်က နယ်စပ်ဂိတ်အများအပြားကို တဖက်သတ် ပိတ်ခဲ့တာပါ။ အလားတူ ရှမ်းပြည်နယ်တလျှောက်က နယ်စပ်ဂိတ်တွေမှာလည်း မြန်မာဘက်ကို အိမ်သုံး လျှပ်စစ်ပစ္စည်း အပါအဝင် လုံခြုံရေးသုံးပစ္စည်းနဲ့အဝတ်အထည်တွေ မသယ်ကြဖို့ တရုတ်ဘက်က အထူးကြပ်မတ် ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ညှိနှိုင်းပြီး နယ်စပ်ဂိတ်တချို့ပြန်ဖွင့်လို