သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဖိအားပေးနေပေမဲ့ ကချင်အထူးဒေသ (၁) တခုလုံး သိမ်းယူနိုင်ရေး KIA ထိုးစစ် အရှိန်မြှင့်


နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ကို KIA သိမ်းပိုက်ခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၁၅၊ ၂၀၂၄)
နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ကို KIA သိမ်းပိုက်ခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၁၅၊ ၂၀၂၄)

စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ (၁) တခုလုံး နီးပါး KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နေရာမှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းရှိတဲ့ ကန်ပိုက်တီမြို့ပဲ ကျန်တော့ကြောင်း KIA ပြောခွင့်ရက ဗွီအိုအေကို အတည်ပြုပါတယ်။ မနေ့က အထူးဒေသ (၁) မှာရှိနေတဲ့ ဆော့လော်မြို့နယ် လန်ဆယ်ရွာအခြေစိုက် ပြည်သူ့စစ်စခန်းတခုကို သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။ နောက်ဆုံးရ ကချင်တိုက်ပွဲသတင်း ရန်ကုန်က ပေးပို့ထားပါတယ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူးဒေသ (၁) က ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီစတဲ့ဒေသတွေမှာ စစ်ဆင်ရေးတွေ စတင်ခဲ့တာပါ။ ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ရွာအခြေစိုက် ပြည်သူ့စစ်စခန်းတခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ထပ်မံသိမ်းယူလိုက်နိုင်ပြီး ဒီကနေ့မှာတော့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။

ဆော့လော်မြို့နယ်မှာ ကျန်ရှိနေတဲ့ လန်ဆယ်ရွာ ပြည်သူ့စစ်စခန်းတခုကို ထပ်မံ သိမ်းယူလိုက်နိုင်တဲ့ အခြေအနေ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အတည်ပြုတာပါ။

“ဆော့လော်၊ ချီဖွေ၊ ပန်ဝါဘက်က အခြေအနေကတော့ သိပ်ပြီးမှ အပြောင်းအလဲတွေ မရှိဘူး။ ဟိုးတရုတ်ပြည်နယ်စပ်အစွန်ဘက်က လန်ဆယ်ဆိုတဲ့ရွာတခုကိုတော့ ၁၀ ရက်နေ့မနက်ပိုင်းမှာ သိမ်းပြီးမှ အခုတော့ အဲဒီမှာ ကျနော်တို့နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ လုံခြုံရေးတွေ လုပ်နေတယ်။”

KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ဆော့လော်နဲ့ ချီဖွေမြို့တွေကို သိမ်းယူခဲ့သလို နောက်ပိုင်းမှာ ကချင်အထူးဒေသ (၁) အခြေစိုက် နယ်ခြားစောင့် တပ်ရင်း (၃) ရင်းလုံးနဲ့ ပန်ဝါမြို့ကိုပါ သိမ်းယူခဲ့ပါတယ်။

ပန်ဝါဒေသမှာ တိုက်ပွဲပြင်းထန်နေချိန်မှာတော့ တရုတ်နိုင်ငံဘက်က ထိုးစစ်တွေရပ်ဆိုင်းဖို့အတွက် ဖိအားပေးတောင်းဆိုတာတွေရှိသလို နယ်စပ်ကုန်စည်မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မေတ္တာရပ်ခံခဲ့တာလည်းရှိခဲ့ပါတယ်။

အောက်တိုဘာလ တတိယပတ်အတွင်းမှာတော့ ကန်ပိုက်တီအနီးက နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ ကို သိမ်းယူခဲ့ပေမဲ့ ကန်ပိုက်တီကိုတော့ သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကန်ပိုက်တီမြို့မှာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိတာကြောင့် တဘက်နိုင်ငံကို လေးစားတဲ့အနေနဲ့အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နေတာရှိကြောင်း ပြောပါတယ်။

“ကန်ပိုက်တီဘက်မှာကတော့ တိုက်ပွဲတွေမရှိဘူး။ ကျနော်တို့ KIO အနေနဲ့လည်း အဲဒီနှစ်နိုင်ငံ တရားဝင် ဂိတ်ပေါ့နော်။ ကုန်စည်စီးဆင်းမှုရှိတဲ့ ဂိတ်ကြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့လည်း အဲဒီ နေရာမှာ တော့ အခုလောလောဆယ်တော့ စောင့်ကြည့်တဲ့အနေအထားပေါ့။ အဲလိုပဲ ရှိပါတယ်။ ကျနော်တို့ လည်း တန်ဖိုးလည်းထားပါတယ်။ ဂရုစိုက်ပါတယ်ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ ဒါပေမဲ့ စစ်ရေး အခြေအနေ အသေးစိတ်ကတော့ ကျနော်တို့တော့ မသိဘူးပေါ့နော။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ မိုးမောက်နဲ့ ဗန်းမော်ကြားမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သူတို့ လက်လွှတ်ခဲ့ရတဲ့ မိုးမောက်အခြေစိုက် တပ်ရင်း ၄၃၇ စခန်းတွေကို ပြန်လည်ရယူဖို့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။ မိုးမောက်ဒေသ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာဟာ အခုဆို တလကျော်ကြာမြင့်လာနေပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂန့်ကော်ရွာဘက်မှာတော့ စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲပြင်းထန်နေပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်းနဲ့ လူအထိအခိုက်မရှိကြောင်း ဒေသတွင်းမီဒီယာဖြစ်တဲ့ ရွှေဖီမြေ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ် တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လတ်တလော ကချင်နဲ့ ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG