သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပိုက်တီ နယ်ခြားစောင့်တပ် ၁၀၀၃ ကို KIA ပူးပေါင်းတပ် သိမ်းပိုက်


ကန်ပိုက်တီမြို့အဝင်ဆိုင်းဘုတ်။
ကန်ပိုက်တီမြို့အဝင်ဆိုင်းဘုတ်။

တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကချင်ပြည်နယ် ကန်ပိုက်တီမြို့အနီးရှိ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၃ ကို ပူးပေါင်းတပ်တွေနဲ့အတူ မနေ့နှောင်းပိုင်းကပဲ သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၂ နဲ့ ပန်ဝါမြို့ကိုပါ ကချင်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်နိုင်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က KIA ဌာနချုပ်လိုင်ဇာဘက်ကို လေကြောင်းက တိုက်ခိုက်နေပါတယ်။ ကချင်စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၆ရက်နေ့က စတင်ပြီး ကချင်ပြည်နယ် ကန်ပိုက်တီဒေသက တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကန်ပိုက်တီမြို့အနီးက နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၃ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။ အောက်တိုဘာလ ၂၁ရက်နေ့ညနေပိုင်းမှာတော့ ကန်ပိုက်တီနဲ့ ၁၅မိုင်ခန့်အကွာ စင်ကြိုင်ရွာမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၃တပ်ရင်း ကို သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ ကန်ပိုက်တီဘက်ကတော့ မနေ့က ညနေပိုင်း ၅နာရီဝန်းကျင်လောက်မှာ အဲဒီ စင်ကြိုင်ဆိုတဲ့ နယ်ခြားစောင့် တပ်ရင်း ၁၀၀၃ပေါ့နော။ အဲဒါ သိမ်းလိုက်တာ ရှိပါတယ်။ အဲဒီဘက်မှာတော့ အခုလည်း စစ်ရေးအခြေအနေ ကတော့ တင်းမာတယ်လို့ ပြောရမှာပေါ့။ မနေ့ကလည်း တိုက်ပွဲတွေရှိတယ်။ နောက် စကစ စခန်းတွေလည်း ကျန်သေးတယ်ဆိုတော့ တိုက်ပွဲကတော့ ရှိမယ်လို့ ကျနော် ထင်ပါတယ်။ ”

KIA က ဒီလအောက်တိုဘာလ ၁၆ရက်နေ့က ပန်ဝါမြို့နဲ့ ၁၀မိုင်အကွာက နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၂ကို သိမ်းယူခဲ့သလို အောက်တိုဘာလ ၁၈ရက်နေ့မှာတော့ ပန်ဝါမြို့ကို သိမ်းယူခဲ့ပါတယ်။ လောလောဆယ်မှာတော့ ပန်ဝါမြို့မှာ နယ်မြေရှင်းလင်းရေးနဲ့ ပြည်သူတွေအတွက် လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်နေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

ပန်ဝါမြို့ဘက် တိုက်ပွဲပြင်းထန်ချိန် ၁၇ရက်နေ့မှာတော့ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ခေါ်ယူတွေ့ဆုံပြီး ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ တောင်းဆိုကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ခေါ်ယူတွေ့ဆုံပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပြပါတယ်။

“ ခါတိုင်းလိုပေါ့။ တရုတ်နယ်စပ်ဒေသမှာ စစ်ဆင်ရေးတွေမလုပ်ဖို့ ပေါ့။ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဖို့၊ ပြောတာတော့ ရှိပါတယ်။ အဲဒီပန်ဝါတကြောလုံးမှာလည်း တိုက်ပွဲမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ ဆိုတဲ့ဟာတွေရှိတာပေါ့။ ဒါက အမြဲတမ်းပြောနေတဲ့ဟာတွေ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ နယ်စပ်ပြဿနာတွေကိုတော့ မပေါ်စေချင်တာပေါ့။ ပြဿနာဆိုတာက စစ်ရှောင်တွေက အစ အမျိုးမျိုးပေါ့။ ပြည်သူလူထုတွေ အိုးအိမ်တွေ ထိခိုက်ပြီးမှ ဒုက္ခရောက်တာမျိုးတွေကို သူတို့ကတော့ မဖြစ်စေချင်လို့ အဲလိုပြောတာမျိုးတွေတော့ ရှိတယ်။”

KIA က ပန်ဝါမြို့ကို သိမ်းယူပြီးနောက် ၁၉ရက်နေ့ မနက်အစောပိုင်း မှာတော့ စစ်ကောင်စီဘက်က KIA ဌာနချုပ် လိုင်ဇာကို လေကြောင်းက ဗုံး ၁၀လုံးခန့်ကြဲချခဲ့ရာမှာ လမိုင်ယန်ကျေးရွာက အရပ်သား ၂ဦးသေဆုံးခဲ့ပါတယ်။ ယမန်နေ့ တနင်္လာနေ့ညပိုင်းကလည်း စစ်ကောင်စီလေယာဉ်ပျံဝဲခဲ့တာ ရှိခဲ့တယ်လို့ ဗိုလ်မှုးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“ ၈နာရီ ဝန်းကျင်လောက်မှာ လေယာဉ် Y12 လားမသိဘူး။ တောင်ဘက်ကနေ မြောက်ဘက်ကို သွားတဲ့ တစီးတော့ ကြားရတယ်။ဗုံးကြဲတာတော့ မရှိဘူး။ လေကြောင်းနဲ့ ဗုံးကြဲတာတော့ မရှိဘူး။ ”

စစ်ကောင်စီ လေယာဉ်ပျံသန်းလာချိန်မှာ တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်လုံခြုံရေးအတွက် အချက်ပြပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

အခုအခါမှာတော့ လိုင်ဇာ၊ ပန်ဝါ၊ ကန်ပိုက်တီနဲ့ မိုင်ဂျာယန်ဒေသဘက်က တရုတ်- မြန်မာနယ်စပ်ဂိတ်တွေကို ပိတ်လိုက်ကြောင်းလည်း လိုင်ဇာရှိ ကချင်ဒေသခံတဦးက ပြောပါတယ်။

“ တရုတ်က စစ်ရှောင်တွေကို အဝင်မခံဘူး။ ပြီးရင် နယ်စပ်ဂိတ်တွေ အကုန်ပိတ်ထားတာ။ လိုင်ဇာဘက်လည်း အခုထိ ပိတ်ထားတုံးပဲ။ ပန်ဝါသိမ်းတဲ့ညကနေ ပိတ်လိုက်တာဟုတ်တယ်။ လိုင်ဇာကျတော့ တရုတ်ပြည်ဘက်ကျ နာဘန်နဲ့ လိုင်ဇာ အဲဒါရယ်၊ ဆီးမားနဲ့ လိုင်စင်ရယ်၊ ပြီးရင် ခရှန်ဂိတ်ပေါ့ ၃ဂိတ်။ စာမှာက အဲဒီ ၃နေရာ ထုတ်တာပေါ့။ လောလောဆည် အခုပိတ်တာက မိုင်ဂျာယန်လည်း ပိတ်တယ်။ ကန်ပိုက်တီ၊ ပန်ဝါ ပိတ်မယ်ပေါ့။”

KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉ရက်နေ့က ကချင်ပြည်နယ်အရှေ့ပိုင်းက ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေကို စတင်ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ ၃၀နဲ့ အောက်တိုဘာ ၂ရက်နေ့မှာ ချီဖွေနဲ့ ဆော့လောမြို့တွေကို သိမ်းယူခဲ့ပါတယ်။

ကချင်အထူးဒေသ ၁ မှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ရင်း ၃ရင်းရှိတဲ့အနက် လောလောဆည်မှာတော့ ဖီမော်ဒေသဘက်က တပ်ရင်း အမှတ် ၁၀၀၁ တခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။ လက်ရှိ KIA က သိမ်းယူထားတဲ့ ပန်ဝါဒေသဟာ မြေရှားသတ္တုထွက်ရှိရာဒေသဖြစ်သလို ကန်ပိုက်တီကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တာကြောင့် စီးပွားရေးအရ အချက်အခြာကျတဲ့ ဒေသတွေလည်းဖြစ်ပါတယ် ။

ကချင်နယ်ခြားစောင့်တပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ ကချင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG