မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ ရဲ့အချက်အလက် ရှာဖွေစုံစမ်းရေးကော်မရှင်နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ရေး အခိုင်အမာ အားပေးတိုက်တွန်းဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွယ်ခဲ့မယ်ဆိုရင် နိုင်ငံတကာဖိအားတွေ ပိုရင်ဆိုင်ရဖွယ်ရှိလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောလိုက်ပါတယ်။ Fortify Rights ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၂၃ ခုက ဒီကနေ့နေ့စွဲ အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မကြာခင်က ချမှတ်ထားတဲ့ အချက်အလက် လေ့လာရှာဖွေရေးအဖွဲ့ စေလွှတ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် မြန်မာအစိုးရဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်လာအောင် အခိုင်အမာအားပေးတိုက်တွန်းဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI), လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW, Fortify Rights, Burma Campaign UK စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ၂၃ ဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပိုပြီး တောင်းဆိုခဲ့တာဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အမှုဆောင်အရာရှိချုပ် Matthew Smith က ဗီအိုအေကို ပြောပါတယ်။
"Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၂၃ ဖွဲ့က ပေးပို့တဲ့အိတ်ဖွင့်ပေးစာထဲမှာ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ ရဲ့ အချက်အလက်ရှာဖွေးရေးအဖွဲ့ကို အပြည့်အဝပူးပေါင်းဆောင်ရွက်လာအောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ကိစ္စဟာ မြန်မာအာဏာပိုင်တွေအတွက်သာမက၊ မြန်မာတနိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့လည်း သက်ဆိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက စိုးရိမ်စရာကောင်းတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ဒါက အစိုးရအတွက်လည်း တရားဥပဒေစိုးမိုးရေးရှိအောင်လုပ်ဆောင်နေတယ်ဆိုတာ နဲ့ တိုင်းရင်းသားဒေသတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမဖြစ်အောင် ကာကွယ်တာဆီးပေးနေတယ်ဆိုတာကို ပြသဖို့အတွက် အခွင့်အရေးဖြစ်ပါတယ်။"
အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN, အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC စသည်အားဖြင့် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို လိပ်မူပြီးတော့ ဒီစာကို ပေးပို့ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၄ ကြိမ်မြောက် အစည်းအဝေး အတွင်း - မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အချက်အလက်လေ့လာစုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီလို ကုလသမဂ္ဂ အချက်အလက်လေ့လာရှာဖွေရေးအဖွဲ့ လွှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် သဘောမတူတဲ့အကြောင်း ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ပျက်ကွယ်မယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ ဖိအားတွေတိုးလာပြီး အခြေအနေတွေပိုရှုပ်ထွေးလာနိုင်တယ်လို့ Matthew Smith က ပြောပါတယ်။
"မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးဆိုရင်တော့ အမြော်အမြင်မရှိရာ ကျတာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်တယ်ဆိုရင်၊ ရခိုင်မှာဖြစ်နေတာတွေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ပိုပြီးတော့ သတိထားစောင့်ကြည့်တာတွေ ပိုဆိုးလာနိုင်ပါတယ်။ အာဏာပိုင်တွေဘက်က တက်တက်ကြွကြွ ၊ တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာအစား၊ လက်တွေ့ဖြစ်နေတာတွေကို ဖုံးကွယ်ဖို့ကြိုးစားနေတယ်ဆိုပြီး မြင်လာကြမှာပါ။ တကယ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွယ်တယ်ဆိုရင်တော့ ၊ ဖိအားတွေတိုးလာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ အဲဒီလိုဆိုရင် အခြေအနေတွေက ပိုပြီးတော့ ရှုပ်ထွေးသွားမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အာဏာပိုင်တွေအတွက် ကောင်းတာကတော့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တာ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။"
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေက ဘေးဒဏ်သင့်လူထုအတွက် ထိန်းချုပ်မှုမပါ ရေရှည်ခိုင်မာတဲ့ လူသားချင်းစာနာမှုအကူအညီ ပေးနိုင်ရေး ခွင့်ပြုလိုက်ခြင်းအားဖြင့် အပြုသဘောဆောင်တဲ့ သတင်းစကားပါးနိုင်မှာဖြစ်သလို စုံစမ်းစစ်ဆေးနေဆဲ အကြမ်းဖက် တိုက် ခိုက်မှုတွေရဲ့ သက်ရောက်မှုတွေ လျော့ပါးသက်သာစေမှာဖြစ်တဲ့အတွက် ဒီကိစ္စကို မြန်မာအစိုးရက ခွင့်ပြုဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်ပြီး တိုက်တွန်းသွားဖို့ကိုလဲ လူ့အခွင့်အရေအဖွဲ့တွေက တွန်းအားပေးပြောဆိုထားပါတယ်။
Your browser doesn’t support HTML5