ကရင်နီဒေသ ဒုက္ခသည်တွေ မိုးတွင်းကာလ အရေးပေါ်အကူအညီလို

ကရင်နီဒေသ စစ်ဘေးရှောင်များ အမိုးအကာလိုအပ်နေ

စစ်ဒဏ်သင့် ကရင်နီဒေသမှာ နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်တွေ မိုးတွင်းကာလမှာ လုံခြုံတဲ့ ခိုလှုံစရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ လတ်တလော တောတောင်တွေထဲမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်ကြသူတွေ မကြာသေးခင်က မိုးဒဏ်၊ လေဒဏ်ကြောင့် အခက်တွေ့နေကြရတာပါ။ ကရင်နီဒေသက ဒုက္ခသည်တွေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ကရင်နီဒေသမှာ စစ်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘေးလွတ်ရာ တောတောင်တွေမှာ ဖြစ်သလို နေထိုင်ကြရင်း ရာသီဥတုဒဏ်ခံနေကြရတာပါ။ ဖြစ်သလို နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ မကြာသေးခင်က မိုးသည်းထန်၊ လေပြင်းထန်ကြောင့် ပိုပြီးအခက်တွေ့နေရတယ်လို့လည်း ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုးလုံလေလုံတော့ မရှိကြဘူး၊ မိုးကာတော့ မိုးတော့မိုးထားကြတယ်ပေါ့နော်၊ ဒါပေမဲ့ အခု ဒီတနေ့ကတော့ လေကပိုကြမ်းတော့လေ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ကျမတို့တောင်မှ အိမ်မှာ ပြန်လာနေ၊ အိမ်ပြန်လာနေဆိုတာ အိမ်က မရှိတော့ဘူး ဒါပေမယ့် မီးဖိုလေး ကျန်တော့ မီးဖိုလေးကို ပြန်ပြုပြင်ပြီးမှ ပြန်နေတော့ အဲ့ဒါတောင်မှ အဆင်မပြေ အဲ့လိုမျိုး တောထဲတောင်ထဲဆိုတော့ ပိုဆိုးသွားမှာပေါ့။ လေတအားကြမ်းတယ်လေ အကုန်စိုကုန်တယ် ဘယ်လိုနေနေ တချို့တဲဆို အကုန်လုံးပြိုကျကုန်တယ်။ ဒုက္ခတော်တော်ရောက်ကြတယ်ပေါ့နော်။ ၅ရက်လောက်ရှိပြီး ရွာနေတာ ဆက်တိုက်ဆက်တိုက်ကို ရွာနေတယ်။ မိုးတွင်းဆို ပိုဒုက္ခရောက်မယ် အဲ့လို လေတွေကလည်း တဖက် မိုးတဖက်နဲ့ဆိုတော့ ဘယ်လို ဆက်ပြီးမှ ဒုက္ခကျရောက်မလဲ မသိတော့ပါဘူးလို့။”

ဒီလထဲမှာပဲ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ပြေးဒုက္ခသည်ခိုလှုံနေတဲ့ ဖရူဆိုမြို့နယ်မှာ အိမ်ခြေ ၁၀၀ နီးပါးနဲ့ ဒီးမော့ဆိုမြို့နယ်မှာ အိမ်ခြေ ၈၀ ကျော် ပျက်စီးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။ မိုးသက်လေပြင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် ခိုလှုံစရာတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“တအိမ်လုံးပျက်စီးသွားရင် ကျနော်တို့ အလွန်ဆုံး အမိုးပဲ ပေးနိုင်တယ်ပေါ့၊ အကာတွေကတော့ ပျက်စီးတဲ့ထဲ ပြန်ရှာယူ ပြန်ကာပေါ့နော်။ အဲ့လိုဖြစ်သွားတော့ တကယ်လုံခြုံလားဆိုတော့ တကယ်မိုးကြီးရင် မလုံခြုံတော့ဘူး နည်းနည်းပါးပါး မိုးရွာတော့ ရတယ်။ တကယ်မိုးကြီးတယ် တကယ်မိုးရာသီရောက်တဲ့ အချိန်မှာ ဒီဟာတော့ မလုံခြုံတဲ့ဟာတော့ ဖြစ်နေတာပေါ့နော်။ လောလောဆယ်ကတော့ ရှိတဲ့ဟာလေးနဲ့ ဝိုင်ပြီးတော့ ပံ့ပိုးနေတယ်၊ ဒါပေမယ့် လိုအပ်ချက် အရကတော့ ဆက်ရှိနေသေးတာပေါ့နော်။ အခုနောက်ပိုင်းမိုးကာတွေကလေ တစ်နှစ်ဆိုရင် အနည်းဆုံး တစ်ထည် နှစ်ထည် လဲမှရတာပေါ့နော်။”

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ပေးတာမျိုးရှိပေမယ့် လူဦးရေများပြားတာကြောင့် လုံလောက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW)ရဲ့ ပြောရေဆိုခွင့်ရှိသူ တစ်ဦးကလည်း မိုးတွင်းကာလမှာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေ ကြီးမားနေတယ်လို့ ပြောပါတယ်။

“အဝေးကနေ တောထဲမှာရှောင်တဲ့အခါမှာ မိုးတွင်ကာလမှာဆိုလို့ရှိရင် ရေကြီးရေလျှံတာနဲ့ အပင်လဲတာတို့ဘာတို့ အဲ့လိုရှိတယ်။ ပြီးလို့ရှိရင် ကျန်းမာရေးအရ သွားလာဖို့မလွယ်ကူတာမျိုးတွေ စားနပ်ရိက္ခာ ပို့ဆောင်ရေး မလွယ်ကူတာမျိုးတွေ အဲ့လိုမျိုးတွေ တချို့စစ်ရှောင်ခါကျတော့ ဒီကာလမှာ သူတို့ ပြန်ပြောင်းရွှေ့တာမျိုးတွေ ရှိတော့ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဘယ်နေရာမှာ မိုးကာအထည် ဘယ်လောက်လိုအပ်လဲတို့ စားနပ်ရိက္ခာ ဘယ်နေရာမှာ ဘယ်လောက်လိုအပ်လဲ သိတော့သိပေမယ့် အရေအတွက်က ဘယ်လောက်လိုအပ်မယ်ဆိုတဲ့ဟာ သိပေမယ့် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ ဘတ်ဂျက်တွေ မရှိတဲ့အခါမှာတော့ ခုနလိုအပ်ချက်တွေကတော့ အဆင်သင့် ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ဘူးပေါ့နော်။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက နေရပ်စွန့်ခွာသူတွေလည်း ပိုများလာနေတာပါ။ စာနာမှုဆိုင်ရာ အကျပ်အတည်းဟာ အန္တရာယ်ကြီးမားတဲ့အဆင့်အထိ ရောက်လာနေပြီး၊ အကူအညီတွေဟာလည်း လုံလောက်မှု မရှိဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတိပေးထားပါတယ်။

Your browser doesn’t support HTML5

ကရင်နီဒေသ ဒုက္ခသည်တွေ မိုးတွင်းကာလ အရေးပေါ်အကူအညီလို