ကယားပြည်နယ် လွိုင်ကော်မြို့ မှာ မကြာသေးခင်က ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေ့ပေးဖို့တောင်းဆိုနေတဲ့ ကရင်နီလူငယ်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေပါဝင်တဲ့ ငါးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီနေ့တနေ့လုံး လုပ်ခဲ့ပေမယ့် ကျေနပ်လောက်တဲ့အဖြေကို မရှိရခဲ့ကြောင်း ကရင်နီပြည်လူငယ် အင်အားစုအဖွဲ့တွေ ကပြောလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ကယားပြည်နယ် အစိုးရ၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကရင်နီလူငယ် သပိတ်ကော်မတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့က ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ဆိုင်းရေးကိစ္စ နဲ့ပတ်သတ်ပြီး လွိုင်ကော်မြို့ ကိန္ဒရာဟိုတယ်မှာ ဒီနေ့ ငါးပွင့်ဆိုင် ဆွေးနွေးခဲ့ကြတာပါ။
မနက် ၉ နာရီလောက်က ညနေအထိ ဆွေးနွေးခဲ့ကြပေမယ့်လည်း တိကျတဲ့ အဖြေတခုကို မရခဲ့တဲ့အတွက် အဲဒီအပေါ်မှာ ကျေနပ်အားရမှု မရှိကြောင်းညှိနှိုင်းအစည်းအဝေးရဲ့ ကရင်နီလူငယ် ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်စ် က ဗွီအိုအေကို အခုလိုပြောပါတယ်။
“ဆွေးနွေးမှု ရလာဒ်ကတော့ ကျေနပ်စရာတော့ မရှိပါဘူး ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောတာပါ။ ကြေးရုပ်ဖြုတ်သိမ်းရေးကိုပဲ ဦးတည်သွားတဲ့အတွက် ဒီလမ်းကြောင်းအထိတော့ ကျနော်တို့မရောက်လိုက်နိုင်ဘူးပေါ့နော် ကျနော်တို့လိုချင်တဲ့ဟာကို ပြည်နယ်အစိုးရက မလျော့လို့ မရတာပါ။ အမှန်ကတော့ တွေ့ဆုံညှိနှိုင်းတယ်ဆိုတာက ကိုလိုချင်တာကိုပဲ ကိုတင်သွင်းဖို့တော့ မဟုတ်ဘူးပေါ့နော် ဒါကျတော်တို့နားလည်ထားတာပါ။ သို့သော်ပြည်နယ် အစိုးရ ကရော ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက နှစ်ဖွဲ့ပေါင်းပြီး ကျနော်တို့တဖွဲ့တည်းကို နှစ်ဖွဲ့နဲ့ တဖွဲ့လိုဖြစ်နေတဲ့အချိန်မှာ အဲဒီလိုအခြေအနေလေးတွေ ဖြစ်သွားတယ်ပေါ့။ ကျေနပ်အားရမှုတော့မရှိဘူး။ သို့သော် အဲဒီလမ်းစဉ်ကိုကျနော်တို့ ရွေးလိုက်တယ်ပေါ့ဗျာ။”
ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ရက်နေ့ နောက်ဆုံးထားရွှေ့ပေးဖို့ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို ကရင်နီလူငယ်တွေက ကြေညာချက် ထုတ်ပြန်ပြီးတဲ့ နောက်မှာ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငါးပွင့်ဆိုင်တွေ့ဆုံ ဖို့ ကမ်းလှမ်းခဲ့တာပါ။
ဒီငါးပွင့်ဆိုင် ဆွေးနွေးပွဲကို NRPC ဘက်က နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ KNPP ဘက်က ခူးဦးရယ် ဦးဆောင်တဲ့အဖွဲ့၊ ကယားပြည်နယ်အစိုးရဘက်က ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနဲ့အဖွဲ့၊ ပြီးတော့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့နဲ့ ကရင်နီပြည်လူငယ်အင်အားစု သပိတ်ကော်မတီ ကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်ခဲ့တာပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်တို့လည်း သက်သေအနေနဲ့ တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ဆွေးနွေးမှုမှာ အဖြေတခုမရခဲ့ပေမယ့် ဒီကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ ဧပြီလမကုန်ခင် လေးပွင့်ဆိုင်တွေ့ဆုံဖို့ သဘောတူညီမှုနှစ်ချက်ကိုရခဲ့ကြောင်း ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်ကော်မတီရဲ့ ပြောရေဆိုခွင့်ရှိသူ ခူရီးဒူ က အခုလိုပြောပါတယ်။
“ပြည်နယ်အတွင်းမှာ ပရဟိတရုံးတို့ NLDရုံးတို့ရှေ့မှာ ရွှေ့လို့ရပါတယ်။ အဲဒီအထိ ကျနော်တု့ိတဆင့်ခံလျှော့ပြီးမှ ဆွေးနွေးခဲ့သော်လည်း အစိုးရဘက် ကတော့ လုံးဝ ထားပေးဖို့ အဆင်မပြေဘူးပြောတဲ့အတွက် ကျနော်တို့ဆက်ပြီးတော့ တွေ့ဆုံညှိနှိုင်းဖို့ မဖြစ်တော့တာပေါ့နော်။ နောက်ထပ်တခုက ဦးဇော်ဌေးတို့ အစက ကျနော်တို့ကို ကမ်းလှမ်းချက်အရ အပြီးသတ်ဆွေးနွေးဖို့ သူတို့ပြောတယ်။ သို့သော်လည်းပဲ မနက်ဖြန်ကျရင် သူတို့ကမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ သွားပြီးတော့တွေ့ဆုံ ဆွေးနွေးစရာလိုတယ် အတွက်ကြောင့်လည်းပါတာပေါ့နော် အဲဒါကြောင့်မို့ကျနော်တို့က အစည်းအဝေးကို နောက်တကြိမ်မှပဲအပြီးသတ် ဆွေနွေးကြမယ်လို့တော့ အဲဒီလိုမျိုး သဘောတူထားကြတာပေါ့”
ဒီနေ့ဆွေးနွေးမှုကိစ္စနဲ့ ရက်ရွှေ့ဆိုင်းတဲ့ကိစ္စကို သမ္မတရုံးညွှန်ကြားရေမှူး ဦးဇော်ဌေးကို မေးမြန်းခဲ့ပေမဲ့လည်း ဖုန်းနဲ့ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
အခုလိုငါးပွင့်ဆိုင်ဆွေးနွေးပွဲအထိ ဖြစ်လာရတာက ကယားပြည်နယ်အများပိုင်နေရာမှာ လူထုဆန္ဒမပါဘဲ ဗိုလ်ချုပ်ကြေးရုပ်ကို ထားမယ်ဆိုကတည်းက ကန့်ကွက်လာတဲ့ ကရင်နီလူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး တရားစွဲတာတွေ၊ ကြေးရုပ်အတွက်သုံးတဲ့ ကျပ်ငွေသိန်း ၁၀၀၀ ကျော်ကို ပြည်နယ် အစိုးရက ပွင့်ပွင့်လင်းလင်း ချမပြတာတွေကနေ ပြဿနာကြီးထွားလာရတာပါ။
Your browser doesn’t support HTML5