အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ကိုယ်စားလှယ်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီတွေ့ဆုံမှုမှာ တရားဝင်ဆွေးနွေးပွဲတွေ စတင်နိုင်ရေးနဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေးအတွက် အလေးထားဆွေးနွေးဖွယ်ရှိကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်အခြေစိုက် စစ်ဌာနချုပ် ၅ ခုရဲ့ နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း NRPC က ကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ပထမဆုံး တွေ့ဆုံတာဖြစ်ပါတယ်။
ဒီနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို အတည်ပြုပြောဆိုပါတယ်။
“ ဒီဇန်နဝါရီလ ၂၁ရက်နေ့မှာ တရုတ်ပြည် ခွန်မင်း (ကူမင်း) မြို့မှာ တွေ့တာရှိပါတယ်။ ဒါက မှန်ပါတယ်။ အလွတ်သဘောတွေ့တာပေါ့နော်။ ဒါပေမဲ့ တစ်စုံတစ်ရာဆုံးဖြတ်ချက်ချတာတော့ ခုထိကတော့ ဘာမှ မကြားသေးဘူး။ ဒီမနက်ပေါ့ တရုတ်နာရီ ၁၀ နာရီမှာပဲ သူတို့ တွေ့ဆုံတယ်ဆိုတော့ ညနေပိုင်းလောက်ကတော့ တစ်ခုခုတော့ သူတို့ ပြောလာမယ်လို့ ကျနော်ထင်ပါတယ်။ NRPC ဘက်က ပြောလာတဲ့ ဆွေးနွေးလာတဲ့ ပေါ်မှာပဲ အခြေခံပြီးမှ KIO ကတော့ ဗဟိုကော်မတီမှာ ပြန်ပြီးမှ ဆွေးနွေးရမယ် ထင်တယ်။”
ဗိုလ်မှုးကြီးနော်ဘူကိုညနေ ၄ နာရီအချိန် ထပ်မံဆက်သွယ်ရာမှာ တရုတ်ပြည်ကိုသွားတဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဘက်က တစ်စုံတစ်ရာ ဆက်သွယ်လာတာ မရှိသေးကြောင်း ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို အစိုးရကိုယ်စားလှယ်အဖွဲ့ဘက်က NRPC အတွင်းရေးမှုး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှုး ဦးခင်ဇော်ဦးတို့ ဦးဆောင်တက်ရောက်ပြီး KIO ဘက်ကတော့ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်၊ KIO အထွေထွေအတွင်းရေးမှူး ဦးလနန်တို့ ဦးဆောင်တက်ရောက်ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးရေးအတွက်PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကကြားခံ ဆက်သွယ်ပေးခဲ့တာဖြစ်ပြီး အဓိက ဆွေးနွေးဖွယ်ရှိတဲ့အချက်တွေကို PCG က ဦးအင်ရှန်ဆန်အောင်က အခုလို သုံးသပ်ပြောဆိုပါတယ်။
“ တောက်လျှောက် တရားဝင်ဆွေးနွေးပွဲအထိ ဆက်လက်ဆွေးနွေးနိုင်ဖို့ အချက်တွေပဲ ဖြစ်မှာပါ။ အချက်တွေကတော့ အကုန်ဖြစ်မှာပါ။ ပြီးတော့ IDP ပြန်လည်နေရာချထားရေး အဲဒါတွေက အဓိက အချက်တွေပဲ ဖြစ်မှာပါ။”
ဒီဇင်ဘာလ ၂၁ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ ကြေညာချက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေအပြင် လက်မှတ် ရေးထိုးပြီးအဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းအလိုက်ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ IDP ခေါ် စစ်ရှောင်ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို ကူညီဆောင်ရွက်မှာဖြစ်ကြောင်း ပါဝင်ပါတယ်။
ဒီဇင်ဘာလအတွင်းကလည်း မြစ်ကြီးနား-ဗန်းမော်လမ်းက နမ့်ဆန်ယန်ရွာမှာ IDP တွေ နေရာချထားရေးနဲ့ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။ ဒီ့မတိုင်ခင် တပ်မတော်နဲ့ KIO တို့ကြား တွေ့ဆုံဆွေးနွေးခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လကပါ။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ NRPC အဖွဲ့ဟာ UWSA ၀ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့တို့နဲ့ ညနေပိုင်းမှာ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ရှိကြောင်း သတင်းတွေ ရရှိခဲ့ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA တအန်း(ပလောင်) အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့ နဲ့ AA အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း ဝ၊ မိုင်းလား အဖွဲ့တွေနဲ့ ညှိနှိုင်းနိုင်ဖွယ်ရှိနေပါတယ်။
တရုတ်- မြန်မာနယ်စပ်အခြေစိုက် NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေနဲ့ NRPC တို့ ဆွေးနွေးနေတဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ တံခါးပိတ် ဆွေးနွေးနေပါတယ်။ ဒီအလွတ်သဘောဆွေးနွေးပွဲမှာ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ ပါဝင်တက်ရောက်တာတော့ မရှိပါဘူး။
Your browser doesn’t support HTML5