KIA ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးထိမှန်

လတ်တလော စစ်ရေးအခြေအနေတင်းမာနေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်ဖက်က ဒီကနေ့နေ့ခင်း ၁နာရီလောက်က စတင်ပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့သလို မန်စီ၊ နမ္မတီးဖက်မှာ အခြေစိုက်ထားတဲ့ KIA တပ်ရင်းတွေကိုလည်း တချိန်တည်းလို့ ပစ်ခတ်တာတွေရှိနေပါတယ်။ စစ်ရေးလေ့လာသူတွေကတော့ ဖားကန့် မြစ်ကြီးနား လမ်းပေါ်က တံတားညီနောင်တိုက်ပွဲအပေါ် လက်တုံ့ပြန်တာဖြစ်နိုင်ပြီး KIA အပေါ် ထိုးစစ်ကြီးကြီးမားမား ဆင်တာ မဟုတ် နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIAက ဖားကန့်က တံတားညီနောင် အစိုးရ တပ်စခန်းနဲ့ တနိုင်းက လမုန်ပြည်သူစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို တနိုင်းဒေသက ရွှေမှော်၊ ပ ယင်းမှော်ရှိရာနေရာမှာ ပြောက်ကျားစစ်ဆင်ရေးနဲ့ မိုင်းစစ်ဆင်ရေးတွေ လုပ်ဆောင်မယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တဲ့နောက်မှာ ဒီကနေ့ နေ့ခင်းမှာတော့ တပ်မတော်ဖက်က KIA ရဲ့ တပ်စခန်းနေရာ အတော်များများကို တချိန်တည်း လိုလို တိုက်ခိုက်ခဲ့ပါတယ်။

KIA ဌာနချုပ် လိုင်ဇာအနီးက တိုက်ခိုက်မှုအခြေအနေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“ အခု ဒီ ၁နာရီ ၂နာရီလောက်မှာဆိုရင်တော့ ကျနော်တို့ ဒီလိုင်ဇာနားပေါ့ စခန်းကတော့ အတိအကျမသိဘူး။ ခယာဘွမ်လား။ ဘွမ်ရွယ်လားတော့ မသိဘူး။ ကျနေ်ာတို့လိုင်ဇာဖက်မှာ ဒီပတ်ဝန်းကျင်မှာပေါ့လေ လက်နက်ကြီးနဲ့ ပစ်တော့ ပစ်ပါတယ်။ ဘယ်နှစ်ချက်မှန်းတော့ မသိဘူး။ ဒါမကဘူး ဟိုဒီ တပ်မဟာ ၃ပေါ့ ၊ တပ်မဟာ ၃နယ်မြေမှာလည်း သူတို့ တပ်စခန်းကနေ ပစ်တယ်။ အချက် ၂၀ကျော်ပစ်တယ်တဲ့ ။ နောက် ကိုက်ထိပ်ဖက်မှာလည်း ပစ်တယ်။ သူတို့က အားလုံး တချိန်တည်းမှာ ပစ်နေကြတယ်။ ”

KIA ရဲ့ တပ်မဟာ ၃ဟာ မန်စီမြို့နယ်ဖက်မှာ အခြေစိုက်ထားတာဖြစ်ပြီး တပ်မဟာ၃ လက်အောက်ခံ တပ်ရင်း ၁၂က KIA အရာရှိတစ်ဦးကလည်း သူတို့ဖက်က အခြေအနေကို အခုလို ပြောပါတယ်။

“ ၁နာရီ- ၂နာရီ ပတ်ဝန်းကျင်လောက်မှာ မန်စီမြို့နယ် မဂျီဘွမ်အနီးမှာ အဲဒီကနေ ပစ်တယ်၊ ကိုက်ထိပ်ကနေ ပစ်တယ်။ တပ်ရှိတဲ့နေရာတိုင်းကနေ လက်နက်ကြီးရှိတဲ့ နေရာတိုင်းကနေပစ်တယ်လို့ သတင်းကြားတယ်။”

တပ်မ ၇၇လက်အောက်ခံ တပ်ရင်းတွေ တက်လာနေတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။

ကချင်ပြည်နယ်က စစ်ရှောင်တွေကို ကူညီဆောင်ရွက်နေသူတဦးကတော့ ဒီကနေ့ KIA တပ်စခန်းတွေ ပစ်ခတ်ခံရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ အခုထိကျနော်ကြားတာက တပ်မဟာ၂ အောင်လွတ်မှာလည်း လက်နက်ကြီးနဲ့ လေယာဉ်နဲ့ လာပစ်တယ်။ အဲဒီမှာ လူအထိအခိုက်တော့ မရှိဘူး။ အိမ်မီးလောင်တာတွေ ဘာတွေ ရှိတယ်။ နောက် ရင်း ၁၁မှာပစ်တယ်။ နမ္မတီးကနေ ဝင်သွားတဲ့နေရာ အဲဒီနေရာက ရင်း ၁၁ အဲဒီမှာလည်း လေယာဉ်ပျံနဲ့ လက်နက်ကြီးနဲ့ပစ်တယ်။ နောက် လိုင်ဇာအဝင် လဂျားယန်လေ အဲဒီလဂျားယန်ကနေ လိုင်ဇာဖက်အခြမ်းမှာ ပစ်တာရှိတယ်။ နောက် ငှက်ပျောခြံမှာ ငှက်ပျော်လာတင်တဲ့ဟာ အဲဒီမှာ အရပ်သား သေတာ ဒဏ်ရာရတာတွေ ရှိတယ်။ လောလောဆည်တော့ အဲလို ကြားတယ်။ နေရာတကာလိုဖြစ်နေတယ် အခုက။”

နေရာအတော်များများကို တချိန်တည်းမှာ တိုက်ခိုက်လာတာကြောင့် တပ်မတော်က KIA အပေါ် ထိုးစစ်ကြီးတခုဆင်ပြီး တိုက်ခိုက်လာတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံရေး၊စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ လက်ရှိ တိုက်ခိုက်မှုအပေါ် အခုလို သုံးသပ်ပါတယ်။

“ မြေပြင်သတင်းတွေအရတော့ တပ်အင်အားအများကြီးဖြည့်ထားတာမရှိသေးတဲ့အတွက်ကြောင့် ထိုးစစ် ကြီးကြီး ဆင်တယ်လို့တော့ ပြောလို့ မရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တံတားညီနောင်မှာ တိုက်ပွဲတခုဖြစ်သွားပြီးတော့ တပ်မတော်စစ်ကြောင်းတခု အင်အားတချို့ ထိခိုက်မှုရှိတဲ့အခါမှာတော့ တုံပြန်မှု တွေ ရှိလာနိုင်တယ်လို့ ကျနော်တို့ တွက်ဆရပါတယ်။ ဗန်းမော်၊ မန်စီဖက် ဖြစ်နေတော့ ၂ရက် ၃ရက်လောက်ရှိနေပြီ တိုက်ပွဲတွေက။ ပြန်ဖြစ်တာက။ နောက် တနိုင်ဂွင်ဖက်မှာလည်း KIA တပ်ရင်း ၁၄က ဆုတ်လာပြီးတဲ့နောက်မှာ မိုင်းစစ်ဆင်မယ် ဘာညာနဲ့ မနေ့က ကြေညာတဲ့အခါမှာ ဒီနေရာမှာတော့ တိုက်ပွဲတချို့ ပြန်ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ တရုတ်နယ်စပ်ဖက်ခြမ်းမှာတော့ ထိုးစစ်ကြီးကြီးမားမား ဖြစ်နိုင်မယ့် အလား အလာတော့ လောလောဆည်မှာတော့ မတွေ့သေးဘူးလို့ ဆိုရပါမယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးဌာနကတော့ အစိုးရတပ်မတော်က ကချင်ပြည်နယ်နေရာအနှံမှာ ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းထားကြောင်း၊ ကချင်လူမျိုးတွေအပေါ် Ethnic Cleansing ခေါ် လူမျိုးစုအလိုက်ရှင်းလင်သုတ်သင်မှုတွေ လုပ်လာနိုင်တာကြောင့် အနေအထိုင်၊ အသွားအလာ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။