သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် UNFC အားရကျေနပ်မှုမရှိ


NCA လက်မှတ်ထိုးစဉ်
NCA လက်မှတ်ထိုးစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် ကျင်းပချိန်နီးကပ်လာချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက် အကျဆုံးများတဲ့ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးပဋိပက္ခ အရှိန်မြင့်လာနေတာဟာ ငြိမ်းချမ်းရေးအခြေအနေ အနိဋ္ဌာရုံ ဖြစ်လာတဲ့အနေအထားလို့ UNFC ပြောခွင့်ရက ဝေဖန်လိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဦးစီးနေတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အပြောသက်သက် လက်တွေ့ကျတဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုရှိပါသလဲ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးကို ဦးဆောင် အကောင်အထည်ဖော်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ Peace Talk ငြိမ်းချမ်းရေးစကားဝိုင်းကိုလည်း မနက်ဖြန် ဧပြီလ ၁၀ရက်နေ့ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံရဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ဆိုပြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ကို မနေ့ဧပြီလ ၈ရက်နေ့က သူကိုယ်တိုင်သွားရောက်ပြီး ငြိမ်းချမ်းရေးနဲ့နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလို ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဖော်ဆောင်နေချိန်မှာပဲ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာစစ်တပ်တို့ကြား ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကျဆုံးအတော်လေးများခဲ့သလို NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံတပ်နဲ့လည်း တိုက်ပွဲတွေဖြစ်နေသလို ရှမ်းမြောက်နဲ့ တအာင်းတပ်တွေနဲ့ကလည်း စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲအခြေအနေမှာဖြစ်နေပါတယ်။

ဒီလိုတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးပဋိပက္ခပြင်းထန်လာတဲ့အနေအထားက မြန်မာ့ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC ရဲ့ ပြောခွင့်ရ ဦးထွန်းဇော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

"အခုဖြစ်နေတဲ့အနေအထားတွေကတော့ တော်တော်လေးကို အနုတ်သဘောဆောင်နေပါတယ်။ အားရစရာမကောင်းဘူးပေါ့နော် မြေပြင်အနေအထားတွေကတော့ အနိဋ္ဌာရုံတွေများနေတာတွေ့ရတယ်။ ဒါကတော့ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးပေါ့လေ ကျနော်တို့မြင်တာက ဒီဖြစ်စဉ်ကတော်တော်လေးကို တုံ့ဆိုင်းမှုတွေဖြစ်နေတယ်။ ဒီအခြေအနေကို ကျော်လွှားဖို့အတွက်ဆိုရင် ဘယ်အကြောင်းပြချက်နဲ့မဆို ဖြစ်နေတဲ့ ကိစ္စတွေမှန်သမျှ အားလုံးကို လက်နက်ကိုင်နည်းနဲ့ မဖြေရှင်းပဲနဲ့ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်။ KNU နဲ့လည်း ဖာပွန်ခရိုင်မှာဖြစ်နေတဲ့ ကိစ္စတွေလည်း ကြေလည်အောင်မဖြေရှင်းနိုင်ကြသေးဘူးပေါ့။ တပြိုင်တည်းမှာလည်း KIA နဲ့ တိုက်ပွဲတောက်လျောက်လိုလိုဖြစ်နေတယ်။ အမှိုက်ကစ ပြဿဒ်မီးလောင် တဲ့ ကိစ္စာတွေလည်းဖြစ်တယ် NCA လုပ်ကတည်းကနေ ဒီအချက်တွေကို ထောက်ပြခဲ့တယ်ပေါ့နော် ။ မြေပြင်မှာ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးယန္တယားဆိုတာ GMC ကိုဖွဲ့ထားပေမယ့်လို့ အဲဒီအဖွဲ့ကနေမှ ဒီကဋိပက္ခဖြစ်တဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုတာကို သက်သေပြတာဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာကနေပြီးတော့ သမာသမတ်ကျတဲ့ ဘက်လိုက်မှုကင်းတဲ့ နိုင်ငံတကာအစိုးရရဲ့ ကိုယ်စားလှယ်တွေပါဝင်ပြီးတော့ လေ့လာစောင့်ကြည့်ရေးကို လုပ်မှပဲ အနိဋ္ဌာရုံတွေကို ကျနော်တို့က ထိန်းသိမ်းနိုင်မယ်လို့ မြင်ပါတယ်။"

NLD အစိုးရလက်ထက် မြန်မာ့ငြိမ်းချမ်းရေးဦးဆောင်ဖော်ဆောင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်တွေ ဒေသခံပြည်သူတွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ဆွေးနွေးပြောဆိုနေကြပေမဲ့ ဒီစကားဝိုင်းက ရလာတဲ့ရလဒ်တွေနဲ့ တင်ပြချက်တွေအပေါ် လက်တွေ့အကောင်အထည်ဖော်မှုက အားနည်းနေသလို ဆွေးနွေးဘက်ရွေးချယ်မှုတွေကလည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ UNFC ဦးထွန်းဇော်ကသုံးသပ်ပါတယ်။

" ငြိမ်းချမ်းရေးစကားဝိုင်း ပုံစံမျိုးကိုပြောတဲ့အခါမှာ လူထုကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အားမလိုအားမရကိစ္စတွေကို တင်ပြတယ်။ လက်တွေ့ မြေပြင်အခြေအနေတွေနဲ့ ကင်းကွာနေတာတွေလည်းရှိတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အနေအထားတွေကတော့ အဲဒီ ငြိမ်းချမ်းရေးစကားဝိုင်းကတော့ ဖော်ဆောင်နိုင်တဲ့အနေအထားတွေတော့မရှိဘူးပေါ့နော်။ နောက်ထောက်ပြချက်တခုကတော့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တက်လာဖို့အတွက် ကိုယ်စားလှယ်တွေကိုရွေးတဲ့အခါမှာ ဆန့်ကျင်ဘက်အမြင်ပြောမယ့် သူတွေကိုမရွေးပဲနဲ့ စကားပြောရအဆင်ပြေမယ့် သူတွေကိုရွေးချယ်တာတွေများများတွေ့ရတယ်ပေါေ့နာ်။ အဲဒါကြောင့် ပြောဆိုကြတဲ့အခါမှာ နိုင်ငံတော်အတိုင်ပင်ခံက လမ်းကြောင်းကြောင်းပေးတဲ့ Agenda setting ပေါ့နော် ဒီအစီအစဉ်အောက်မှာပဲ လိုက်ပြီးတော့ ပြောနေကြတာပဲ တွေ့ရတယ်။ လက်တွေ့နယ်ပယ်မှာလည်း ရှိနေတဲ့ လူငယ်ကိုယ်စားလှယ် ၊ လူထုကိုယ်စားလှယ်တွေနဲ့ စကားများများပြောဆိုမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံက လုပ်မှ အကြိုးရှိမယ်လို့မြင်ပါတယ်။"

သမ္မတဦးသိန်းစိန်လက်ထက်က NCA အပစ်ရပ်အဖွဲ့(၈)ဖွဲ့၊ အခု NLD အစိုးရလက်ထက်မွန်အဖွဲ့နဲ့ လားဟူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အပစ်ရပ်အဖွဲ့(၂) ဖွဲ့ ပေါင်း ၁၀ဖွဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်လက်မှတ်ထိုးထားကြပေမဲ့လည်း ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား NCA လမ်းကြောင်းပေါ်က နိုင်ငံရေးဆွေးနွေးမှုတွေကို အကောင်အထည်ဖော်ဆွေးနွေးမှုတွေကလည်း အားရကျေနပ်စရာအခြေအနေမရှိဘူးလို့ UNFC ပြောခွင့်ရလည်းဖြစ် ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေအတွင်းရေးမှူးဦးထွန်းဇော်က အခုလိုပြောပါတယ်။

"ကန့်သတ်ချက်တွေနဲ့ ဆန့်ကျင်ဘက်တွေ တပ်မတော်ဘက်ကနေပြီးတော့ လိုက်လုပ်နေတဲ့အတွက် မြေပြင်မှာ အခုလည်းဖြစ်နေတယ်။ ကျနော်တို့ ကျန်တဲ့အဖွဲ့တွေလည်း NCA လမ်းကြောင်းပေါ်မှာ ဆက်သွားဖို့အတွက် ဒါတွေက မေးခွန်းဖြစ်လာနေတယ်ပေါ့လေ။ အဲဒါကြောင့် NCA လမ်းကြောင်းပေါ်မှာ သွားနိုင်ဖို့အတွက်ဆိုရင် NCA ကိုလက်မှတ်ထိုးပြီးသား ၁၀ ဖွဲ့ရှိပြီ။ ဒီ ၁၀ ဖွဲ့ကနေပြီးတော့မှာ NCA သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်လို့မရဘူးဖြစ်နေတယ်။ အထူးသဖြင့် အားလုံးပါဝင်ရေးနဲ့ တန်းတူညီတူရှိမူ၊ ဂုဏ်သိက္ခာ ရှိမှုတို့ကို အခြေခံအားဖြင့်ဖော်ဆောင်ဖို့ ကျနော်တို့ မြင်ပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာ့ငြိမ်းချမ်းရေးကို ဦးဆောင်ဖော်ဆောင်နေပေမဲ့လို့ ပြည်ထောင်စုအစိုးရဘက်က တပ်မတော်ကို သြဇာမလွှမ်းမိုးနိုင်တဲ့အနေအထား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရနဲ့ တပ်မတော်တို့ကြား ညှိနှိုင်းရခက်တဲ့အနေအထားကြောင့် ရှေ့မဆိုးနောက်မဆုတ်ဖြစ်နေရတယ်လို့လည်း မြန်မာ့ငြိမ်းချမ်းရေးအပေါ် သုံးသပ်မှုတွေရှိပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကိုတော့ အခုဧပြီလကုန် မေလဆန်းမှာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ် အကောင်အထည် ဖေါ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG