ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် (မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်မှာရှိတဲ့ တောင်သုံးလုံးစခန်း နဲ့ ဆင်စွယ်စခန်း ၂ခုကို ဒီဇင်ဘာလ ၁၁ရက်နေ့က အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တဒါဇင်ကျော်ကျဆုံးခဲ့သလိုစစ်လက်နက်ပစ္စည်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KNLA/PDF/FFD ပူးပေါင်းတပ်တွေက ပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ကရင်အမျိုးသားအစည်းအရုံ၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်မှာရှိတဲ့ တောင်သုံးလုံးစခန်း နဲ့ ဆင်စွယ်စခန်း ၂ခုကို ဒီဇင်ဘာလ ၁၁ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy (FFD) အဖွဲ့က ဒုတိယတာဝန်ခံ ကိုအောင်အောင်ကပြောပါတယ်။
"တောင်သုံးလုံးနဲ့ဆင်စွယ်စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာကတော့ ကျနော်တို့KNU /KNLAရဲ့စစ်ရေးဦးဆောင်မှုနဲ့အတူ PDF BPLA ကျနော်တို့ FFDကမြေပြင်က ချေမှုန်းရေးနဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေပါ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ တောင်သုံးလုံးနဲ့ ဆင်စွယ်စခန်းက ရန်သူ (စကစ)အင်အား(၂၀၀)ခန့်ရှိပြီး တပ်ရင်း ၃ ရင်းရှိပြီးတော့ ကျနော်တို့က တပတ်ခန့်ကြာထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တောင်သုံးလုံးစခန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာ ကျနော်တို့ဘက်က အထိအခိုက်အနည်းငယ်ရှိပြီး အကျဆုံးတော့မရှိခဲ့ပါဘူး၊ တောင်သုံးလုံးစခန်းကိုဝင်ရောက်ရှင်းလင်းတဲ့အခါမှာ လက်နက်ကြီးအများအပြားသိမ်းဆည်းမိပြီးတော့လက်နက်ကြီးတချို့ လက်နက်ငယ်တွေ ဂျန်မာစက်တွေ မီးစက်တွေကောသိမ်းပိုက်ရမိပါတယ်။"
ဒီဇင်ဘာလ ၄ ရက်ကနေ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force For Federal Democracy – FFD ဒရုန်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဖာပွန်ခရိုင်မှာအခုစခန်းတွေကလည်းအရေးပါတဲ့စခန်းတွေဖြစ်ပြီးအခုဆိုရင် တလခဲွအတွင်းစစ်ကောင်စီရဲ့စခန်း ၅ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy – FFD ဒုတိယတာဝန်ခံ ကိုအောင်အောင်ကVOAကိုပြောပါတယ်။
"တောင်သုံးလုံးစခန်းက ဖာပွန်နဲ့ကတိုင်ထိ ကြားမှာအရေးပါတဲ့စခန်းကြီးဖြစ်ပါတယ် ဒီစခန်းကြီးကျသွားတော့ ဖာပွန်နဲ့ ကတိုင်ထိကြားမှာ ၄၆ကီလိုမီတာလောက်ကွာဝေးသွားပြီဖြစ်ပါတယ် ၊ တောင်သုံးလုံးစခန်းကနေ တပ်မဟာ ၅နယ်မြေထဲမှာလက်နက်ကြီးများစွာပစ်ကူပေးတဲ့နေရာဖြစ်ပါတယ် ၊ဒီစခန်းကိုကျနော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်၊ တပ်မဟာ ၅နယ်မြေမှာတော့ တလခွဲအတွင်းခေါပုတ်၊ မာထော၊ ကူးဆိပ်၊ တောင်သုံးလုံး၊ ဆင်စွယ် စခန်းတဲ့စခန်း ၅ ခုကိုသိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ရန်သူတွေကိုလည်း တိုက်ခိုက်အနိုင်ယူနိုင်ပြီဖြစ်ပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဖာပွန်ခရိုင်ထဲက အင်အား ၁၀၀ကျော်ရှိတဲ့ ခေါပုတ် စခန်းကို လည်း KNLA/PDFပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့သလို ရိက္ခာလက်နက်တွေသယ်ဆောင်ရာမှာလုံခြုံရေးစခန်းတခုဖြစ် ကူးဆိပ်တံတားလုံခြုံရေးစခန်းကိုတော့ နိုဝင်ဘာလက ၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
KNU တပ်မဟာ ၅ ထိမ်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF/FFD အပါအဝင် ပူးပေါင်းတပ်တွေကပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5