တရုတ်နယ်စပ်ဆေးရုံ စစ်ကောင်စီဗုံးကြဲလို့ လူ ၁၀ ဦးသေဆုံး

တရုတ်နယ်စပ်နားက ကိုးကန့်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့အဝင်ဆိုင်းဘုတ် ယခင်မှတ်တမ်းဓာတ်ပုံ

တရုတ်နယ်စပ်အနီး MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကဆေးရုံတရုံကို မြန်မာ စစ်ကောင်စီစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသမီဒီယာတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။

ကြာသပတေးနေ့ ညနှောင်းပိုင်းမှာ လောက်ကိုင်မြို့ကို အနည်းဆုံးနှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခံရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ဒေသခံတဦးက အေအက်ဖ်ပီကို ပြောပါတယ်။ ဒေသခံမီဒီယာတခုကတော့ တိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတဦးကို ကိုးကားပြီး ရေးပါတယ်။

MNDAA ပြောရေးဆိုခွင့်ရှိသူကလည်း လောက်ကိုင်မြို့ဆေးရုံကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်ခံရကြောင်း အတည်ပြုပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အတိအကျ သတင်းမရသေးကြောင်း ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်အပါအဝင် တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ ထိုးစစ်အသစ်တွေ ပြန်လည်ပြုလုပ်ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ စစ်ကောင်စီက လောက်ကိုင်ကို အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

AFP သတင်းဌာနက မြို့ခံကတဆင့်ရယူထားတဲ့ ကြာသပတေးနေ့က ရိုက်ယူထားတဲ့ဓာတ်ပုံတွေ မှာတော့ လောက်ကိုင်မြို့က လူသူကင်းမဲ့နေတဲ့လမ်းတွေကို မြင်တွေ့ရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း တရုတ်နယ်စပ်က လောက်ကိုင်မြို့ဟာ အရင်က လောင်းကစားရုံတွေအပါအဝင် စီးပွားလုပ်ငန်းတွေနဲ့ ပုံမှန်အချိန်မှာ မြို့နေလူဦးရေက ၂၅,၀၀၀ ဝန်းကျင် ရှိခဲ့တာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားညီနောင်မဟာမိတ် ၃ ဖွဲ့က တရုတ်နိုင်ငံနဲ့ ဆက်သွယ်နေတဲ့ အဓိက ကုန်သွယ်မှုလမ်းမကြီးတလျှောက် ထိုးစစ်ဆင်မှုတွေကို ဇွန်လနှောင်းပိုင်းက စပြီး “၁၀၂၇ ဒုတိယပိုင်း” အဖြစ် တကျော့ပြန် တိုက်ခိုက်နေတာပါ။ MNDAA ကိုးကန့် တပ်ဟာ လောက်ကိုင်မြို့ကို ဇန်နဝါရီလ ကတည်းက ထိန်းချုပ်ထားပါတယ်။ အဲဒီတုန်းက မြန်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် လက်နက်ချခဲ့ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း လောက်ကိုင်နဲ့ မိုင် တရာကျော် ဝေးပြီး မြန်မာပြည်မနဲ့ ပိုနီးတဲ့၊ ရှမ်းမြောက်ရဲ့ မြို့တော်လည်းဖြစ် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လည်း ရှိတဲ့ လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေက ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အရပ်သားဒါဇင်နဲ့ချီသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီနဲ့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်တာမျိုးရှိပေမယ့် တိုက်ပွဲဖြစ်နေတဲ့ စစ်ဘက်တပ်ဖွဲ့ဝင် အကျအဆုံးစာရင်းကိုတော့ စစ်ကောင်စီရော၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကပါ ထုတ်ပြန်တာမျိုးမရှိပါဘူး။

Your browser doesn’t support HTML5

တရုတ်နယ်စပ်ဆေးရုံ စစ်ကောင်စီဗုံးကြဲလို့ လူ ၁၀ ဦးသေဆုံး