သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေ


ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (ယခင်မှတ်တမ်းရုပ်ပုံ)
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (ယခင်မှတ်တမ်းရုပ်ပုံ)

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA စတင် တိုက်ခိုက်တဲ့ ဇူလိုင် ၃ ရက်ကစပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပါတယ်။ အခုဆိုရင် ဆက်သွယ်ရေး ပြတ်တောက်နေတာ တပတ်နီးပါးရှိကြောင်း လောက်ကိုင်မြို့ကို ဝင်ထွက်နေတဲ့ ရှမ်းမြောက်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို ကိုးကန့် MNDAA နဲ့ မဟာမိတ်တပ်တွေ စပြီးဝင်တိုက်တဲ့ ဇူလိုင်လ ၃ ရက်ကစပြီး MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့မှာ တရုတ်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ လောက်ကိုင်မှာ ရှိနေတဲ့ မိသားစုနဲ့ အဆက်အသွယ်မရတော့ကြောင်း ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့မှာ နေထိုင်သူတဦးက ဗွီအိုအေကို Facebook Messenger ကတဆင့် ပြောပြခဲ့တာပါ။

တရုတ်ဘက်က ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ MNDAA က တစုံတရာကြေညာချက်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တရုတ်ဖုန်းလိုင်းတွေ ပြတ်တောက်သွားသလို ရန်လုံကျိုင်းဂိတ်၊ လောက်ကိုင်-နန်ဆန်ဂိတ်၊ ချင်းရွှေဟော်-မုံတိန်ဂိတ်တွေကိုလည်း တရုတ်ဘက်က ပိတ်လိုက်ကြောင်း ချင်းရွှေဟော်ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာဖုန်းလိုင်းတွေလည်း ပြီးခဲ့တဲ့ သုံးလေးရက်ကစပြီး ပြတ်တောက်နေပါတယ်။ ဒါကြောင့် လောက်ကိုင်ဘက်ကို ခရီးသည် သယ်ယူ၊ ပို့ဆောင်တာတွေ ရပ်နားလိုက်ကြောင်း ယာဉ်လိုင်းပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ဖုန်းလိုင်းတွေ မရရှိပါဘူး။ ဒီနေ့ကစပြီး ဖုန်းလိုင်းတွေ လုံးဝမရတော့ပါဘူး။ ကျနော်တို့ ပြည်တွင်း အော်ပရေတာရဲ့ ၄ခုက မရတာတော့ ခန့်မှန်းတပတ်လောက် ရှိပါပြီခင်ဗျ။ ကျနော့ဂိတ်သားတွေက အကုန်လုံး မန္တလေးပြန်ရောက်ပါပြီ။ ချင်းရွှေဟော်အထိကတော့ သူတို့သုံးနေကျ အသုံးနှုန်း MyTel လို့ခေါ်တဲ့ ဆင်းကတ်တော့ ရတယ်ခင်ဗျ။ လမ်းကြောင်းက မိုးတွင်းတောလမ်းသွားဖို့ မလွယ်လှဘူး၊ မိုင်းကွင်းကို ရှောင်ဖို့ဆိုတာကလည်း မလွယ်လှဘူး။ ကားသမားက စစ်သားမှမဟုတ်တာလေ ဘယ်မြို့မှာမိုင်းကွင်းရှိတယ်ဆိုတာ မကျွမ်းကျင်တဲ့အတွက်ကြောင့် ကျနော်တို့လည်း ကားဆရာတွေရော၊ ဂိတ်သမားတွေရော မထွက်ကြတာပါ။ လက်ရှိအနေအထားအရ နေလို့ရရင် နေပေးပါ၊ နေလို့မရဘူးဆိုလည်း ဘယ်နေရာ၊ ဘယ်နေရာမှာသွားပြီး ဖုန်း contact ရလို့ရှိရင် လမ်းညွှန်ပေးပါတယ်။"

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း စဖြစ်ခဲ့တဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော်မှာ မြန်မာဖုန်းလိုင်း ယာယီ ပြတ်တောက်ခဲ့တဲ့အတွက် တရုတ်ဘက်မှာရှိနေတဲ့ China Mobile ဖုန်းလိုင်းနဲ့ အင်တာနက်ကိုပဲ အဓိက ပြောင်းလဲအသုံးပြုနေကြတာပါ။ အုပ်ချုပ်ရေး ပြန်လည်ပြင်ဆင်မှုတွေကို MNDAA ဘက်က ပြုလုပ်နေပေမဲ့ နယ်မြေလုံခြုံရေးကတော့ စိတ်ချရတဲ့ အခြေအနေမှာ မရှိသေးကြောင်း ပြီးခဲ့တဲ့ တပတ်က လောက်ကိုင်မြို့က ထွက်ခွာလာသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"သတင်းအသံထွက်တာကတော့ ဘယ်လိုထွက်ကြလဲဆိုတော့ လောက်ကိုင်မှာနေတဲ့သူတွေ အားလုံးကို သူတို့ဒီ အရင်အာမခံပေးထားတဲ့ သူဌေးတွေ၊ နယ်ခံတွေက ပြောတာကတော့ အစားအသောက်တွေ စုဆောင်းထားဖို့ပေါ့၊ တပ်မတော်က လေယာဉ်နဲ့ စစ်ကြောင်းထိုးမယ်၊ လေယာဉ်နဲ့လာပစ်မယ် အဲလိုမျိုးတွေတော့ အသံထွက်နေတယ်။ အဲဒီတော့ တချို့ဆိုရင်လည်း ကျနော်တို့ ဗမာတွေကို အာမခံပေးပြီး ရောက်နေတဲ့ ဗမာတွေကိုယ်တိုင်ပဲ တချို့တွေဆို စစ်ရှောင်အနေနဲ့ ကိုယ့်နယ်ကိုယ် ပြန်ဆင်းတာတွေလည်း ရှိတယ်။"

လားရှိုးမြို့က နမ့်ပေါင် စစ်ကောင်စီတပ်စခန်းကို MNDAA တပ်တွေက ဇူလိုင်လ ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ လားရှိုးကို MNDAA တပ်ပေါင်းစုတွေက တိုက်ခိုက်မှုနဲ့ လောက်ကိုင်ကို တရုတ်က ဖုန်းလိုင်းဖြတ်တောက်တာ ဆက်စပ်မှု ရှိ၊ မရှိကိုတော့ ဒေသခံတွေက အတိအကျ မပြောနိုင်သေးပါဘူး။ လက်ရှိမှာ ၁၃/ ရှမ်းမှတ်ပုံတင် ကိုင်ဆောင်ထားရင်တောင်မှ ဗမာစကားတခုပဲ ပြောတယ်ဆိုရင် လောက်ကိုင်မြို့ထဲကို ဝင်ခွင့်ရဖို့ ခက်ခဲကြောင်း ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ရက်တွေကလောက် တိုက်ပွဲ မပြင်းထန်တော့ပေမဲ့ အခြေအနေက တင်းမာနေဆဲဖြစ်ကြောင်း လားရှိုးက စစ်ရှောင်တွေကို ကူညီကယ်ထုတ်ပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ လားရှိုးမြို့ထဲကို ပြင်ပကကားတွေ ဝင်မလာဖို့ MNDAA ဘက်ကရော စစ်ကောင်စီဘက်ကရော သီပေါမြို့အလွန်လောက်မှာ နှစ်ဘက်လုံးက သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို သယ်ပို့နေတဲ့ ကားတွေကတော့ ခက်ခဲတဲ့တောလမ်းတွေကနေ လားရှိုးမြို့ကို ဝင်ထွက်နေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG