တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဒီသီတင်းပတ်ထဲ ဆွေးနွေးနေကြပေမယ့် ထူးခြားတဲ့ရလဒ်တော့ ထွက်မလာသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ဖို့ မူလကစီစဉ်ထားပေမဲ့ နောက်ထပ် ဆက်လက် ဆွေးနွေးကောင်း ဆွေးနွေးဖွယ် ရှိတယ်လို့လည်း ခန့်မှန်းနေကြတာပါ။ တရုတ်နိုင်ငံက ဆွေးနွေးပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ အစီအစဉ်နဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့က ဆွေးနွေးမှုတွေ စတင်ခဲ့ကြတာပါ။ ဆွေးနွေးပွဲကို တရုတ် ကိုယ်စားလှယ်တချို့လည်း တက်ရောက်ခဲ့ပါတယ်လို့ အမည်မဖော်လိုတဲ့ကိုးကန့်အဖွဲ့ နဲ့နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်တော့မသိရသေးသလို ဆွေးနွေးပွဲရလဒ် အဖြေ မရသေးတဲ့အတွက် ရက်တိုးပြီး ဆက်လက် ဆွေးနွေးနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ကိုးကန့်အဖွဲ့ နဲ့နီးစပ်သူ ကပြောပါတယ်။ မူလအစီအစဉ်အရ ဒီကနေ့မှာ အဖွဲ့တွေ ပြန်လာဖို့ စီစဉ် ထားပေမယ့် ဒီကနေ့ညနေပိုင်းထိ ပြန်လာနိုင်ခြင်းမရှိသေးသလို ဘယ်နှစ်ရက်ထပ်တိုးမလဲ ဆိုတာ ကိုလည်း မခန့်မှန်းနိုင်သေးဘူးလို့ ကိုးကန့်အဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။
မနေ့က ဆွေးနွေးမှုမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ စစ်ရေးတင်းမာမှုတွေအပေါ်မှာ ဆွေးနွေးတာမျိုးရှိခဲ့တယ်လို့ သိထားရပါတယ်။ ဘယ်လောက်ထိ ချပြဆွေးနွေးခဲ့သလဲ၊ စစ်ကောင်စီ ဘက်က ဘယ်လို တုံ့ပြန်ဆွေးနွေးခဲ့လဲဆိုတာ မသိရသေးပါဘူး။ ဆွေးနွေးမှု အတိအကျကိုတော့ သူကဖြေဆိုဖို့ ငြင်းပါတယ်။
ကိုးကန့်အဖွဲ့နဲ့နီးစပ်သူအဆိုအရလည်း ဆွေးနွေးပွဲ စတင်ချိန်နဲ့ တချိန်တည်းမှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည်နယ်နေ့ နှစ်ငါးဆယ်ပြည့်မိန့်ခွန်းမှာ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ဖို့ ထည့်သွင်းပြော ဆိုခဲ့တဲ့အတွက် ဆွေးနွေးမှုအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နီးစပ်သူအပြောအရ စစ်ခေါင်းဆောင်မိန့်ခွန်းအရ လက်ရှိစစ်ပွဲတွေဟာ တဖက်သတ် လုပ်ဆောင်သလို အပြစ်ပုံချတာမျိုး ခံစားရစေပြီးလုပ်နေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့အသုံးအနှုန်းဖြစ်တယ်လို့ တိုင်းရင်းသားတွေဘက်က ယူဆချက်တွေ ရှိနေတာပါ။
စစ်ကောင်စီနဲ့ MNDAA ကြား တွေ့ဆုံမှုရဲ့ ရလဒ်အလားအလာအပေါ် နိုင်ငံရေးသုံးသပ်သူ တဦးက အခုလို သူ့အမြင်ပြောပြပါတယ်။
“ဆွေးနွေးမယ်ဆိုကတည်းက ပြေလည်တဲ့အဖြေတခုရဖို့ အလားအလာနည်းမယ်ဆိုတာ ခန့်မှန်းပြီး သားပဲ။ ရှေ့မှာနမူနာတွေလည်းရှိတယ်။ အဓိက,က တရုတ်ဖိအားကြောင့်ဆွေးနွေးရတာဆိုတော့လေ ရှိသင့်တဲ့အခင်းအကျင်း၊ နိုင်ငံရေးဆန္ဒ ဒါတွေ မရှိဘူး။ စစ်ခေါင်းဆောင်အပြောမှာလည်း သူတို့အမှန် အမြင်သဘော ထင်ဟပ်ရုံတင်မကဘူး။ စစ်ကောင်စီကသူသွားချင်တဲ့လမ်းကြောင်းကို ထပ်ဖော်ပြ လိုက်တဲ့သဘောလို့ သုံးသပ်ရတယ်။ ဒါကြောင့်မို့ အကျိုး ရလဒ် ကောင်းကျိုးထွက်လာဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ စစ်အာဏာတည်ရေးအတွက် ၂၀၀၈ NCA လမ်းကြောင်းကိုပဲ ဆက်မယ်။ နိုင်ငံရေး ဆွေးနွေးတာကလည်း လက်နက်စွန့်၊ ရွေးကောက်ပွဲဝင်၊ ပါတီထောင် ဒါကိုပဲ ထပ်ပြောလိုက်တာပဲ။ နောက်သူတို့ရည်ရွယ်ချက်အမှန်ဖြစ်တဲ့ စစ်အနိုင်တိုက်ဖို့၊ အသက်ရှူပေါက်ရဖို့၊ အာဏာတည်မြဲရေး၊ ဆက်လက်အုပ်ချုပ်ရေး ဒါအတွက် ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် တင်းမာမှုကြီးမလာရင်တောင် ဆွေးနွေးပွဲက ရလဒ်ကောင်းထွက်လာဖို့ အလားအလာတော်တော်နည်းပါတယ်
ဆွေးနွေးပွဲအခြေအနေနဲ့ပတ်သက်လို့ရော စစ်ခေါင်းဆောင်မိန့်ခွန်းက ဆွေးနွေးပွဲအပေါ်ရိုက်ခတ်မှု ရှိတယ်ဆိုတဲ့ အမြင်နဲ့ ပတ်သက်လို့ရော စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်တာမရှိခဲ့ပါဘူး။
အခုဆွေးနွေးပွဲကိုတော့ တရုတ်- မြန်မာနယ်စပ်က အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်ဆီက ဗွီအိုအေ သိထားရသလောက် စစ်ကောင်စီဘက်က အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေးနွေးခဲ့ပြီး ကိုးကန့်အဖွဲ့မှာတော့ ဖုန်တာရွှင် သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေး ဌာနကြီးမှုး ဖုန်ခွင်းက ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။
နောက်ပြီး မကြာခင်ရက်ပိုင်းမှာလည်း အာရက္ခတပ်တော် AA၊ တအန်းပလောင် TNLA တပ်ဖွဲ့တွေနဲ့ ဆွေးနွေး ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ဆိုပေမယ့် ဒါကိုအတည်မပြုနိုင်သေးပါဘူး။ ဒီဆွေးနွေးပွဲဖြစ်မလာခင် တရုတ်ဘက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AAနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့၊ TNLA အဖွဲ့နဲ့ ဒီဇင်ဘာ ၈ ရက်နေ့၊ KIA အဖွဲ့နဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွေမှာ တွေ့ဆုံခဲ့သလို မြောက်ပိုင်းအဖွဲ့ဝင်မဟုတ်တဲ့ ဝအဖွဲ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ မှာ တွေ့ဆုံတာတွေ လုပ်ခဲ့ ပါသေးတယ်။ ဒါ တွေအပြီး အခုလို တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီသီးခြားစီ တွေ့ဖို့ဖြစ် လာခဲ့တာပါ။
စစ်ရေးနဲ့ ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ လားရှိုးမြို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ ကိုးကန့် MNDAA အဖွဲ့အပေါ် တရုတ်ရဲ့ ဖိအားတွေ ရှိနေချိန်မှာ အခုလို တရုတ်နိုင်ငံမှာ စစ်တပ်နဲ့ MNDAA ကိုယ်စားလှယ်တွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စီးပွားရေးအကျိုးစီးပွား အများအပြား ရှိနေတဲ့ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အဆက်မပြတ် လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုတွေ ရှိနေချိန်မှာ တရုတ်ဘက်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ လားရှိုးကို သိမ်းထားတဲ့ ကိုးကန့်တပ်တွေအပေါ် ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက သုံးသပ်တာတွေရှိနေ သလို လက်ရှိဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်လာဖွယ်မရှိနိုင်ဘူးလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
Your browser doesn’t support HTML5