Las Vegas သေနတ်သမား တကိုယ်တော်လှုပ်ရှားခဲ့သလားဆိုတာ သံသယရှိနေ

Las Vegas မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Joe Lombardo

အမေရိကန် ပြည်ထောင်စုမှာ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ Las Vegas မြို့က ပစ်ခတ်မှုမှာ ပူးပေါင်းကြံစည်ခဲ့သူ ရှိမရှိ သိရှိနိုင်ဖို့ သေနတ်သမား Stephen Paddock နဲ့ သိတဲ့သူတွေကို မေးမြန်းခွင့်ရဖို့ အရေးကြီးကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ သေနတ်သမား စုဆောင်းထားတဲ့ လက်နက်အရေအတွက်၊ ကားထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ကြည့်မယ်ဆိုရင်၊ လူအစုလိုက် အပြုံလိုက် သေကျေအောင် တိုက်ခိုက်မှုကို သူတဦးတည်း ကျုးလွန်ခဲ့တယ်ဆိုတာ ယုံဖို့ခက်တဲ့အကြောင်း Las Vegas မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Joe Lombardo က ပြောဆိုလိုက်တာပါ။

"တနေရာရာမှာ အကူအညီယူခဲ့တာမျိုး ရှိကိုရှိမှာဖြစ်ပြီး ဒါကိုအဖြေရှာဖို့ လိုအပ်ကြောင်းနဲ့ တကိုယ်တော် လုပ်ခဲ့တာ ဆိုရင်တော့ အင်မတန်ကို စွမ်းတဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ယုံဖို့ခက်တဲ့အကြောင်း" Las Vegas ရဲတပ်ဖွဲ့ အကြီးအကဲ က ပြောဆိုသွားတာပါ။

တနင်္ဂနွေနေ့ညက ကျေးလက်ဂီတ ဖျော်ဖြေပွဲတခု ကျင်းပနေစဉ် သောင်းနဲ့ချီတဲ့ လူအုပ်ထဲကို၊ အနီးအနားမှာရှိတဲ့ Mandalay Bay ဟိုတယ်နဲ့ ကာစီနို လောင်းကစားရုံ အပေါ်ထပ် ၃၂ ထပ်ကနေ ပစ်ခတ်ခဲ့ရာက လူပေါင်း ၅၈ ယောက် သေဆုံးပြီး၊ ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို သိရှိထားတဲ့သူတွေ ရှောင်တိမ်းသွားတာမျိုး မဖြစ်စေချင်တာကြောင့် အခုအချိန်အထိ စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေကို ထုတ်ဖော်မပြောလိုကြောင်းလည်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုခဲ့တာပါ။

သေနတ်သမား Paddock ရဲ့ ရည်းစားဖြစ်သူကတော့ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သူမသိဘူးလို့ ရှေ့နေ့ကတဆင့် ပြောဆိုထားပါတယ်။ ရည်းစားဖြစ်သူ Marilou Danley ကတော့ တိုက်ခိုက်မှုဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတာပါ။ ဖိလစ်ပိုင်မှာ ရောက်နေတဲ့ သူ့ရည်းစားကိုတော့ Paddock က အိမ်ဝယ်ဖို့ ဒေါ်လာတသိန်း ငွေလွဲှပေးခဲ့ပါတယ်။