လက်ဘနွန်မှာ အစ္စရေးတပ်တွေ ဆက်လက် ထိုးစစ်ဆင်

အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာမြင်ရတဲ့အပျက်အစီးများ (အောက်တိုဘာ ၂၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးနေရာတွေကို အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဟက်ဇ်ဘူလာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာပဲ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တွေကလည်း Adaisseh မြို့ကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အစ္စရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးကို အီရန်က မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်မှုတွေ အပါအဝင် ဒေသတွင်း ပဋိပက္ခတွေ ကြီးထွားလာတဲ့ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချခဲ့ပြီးတော့ ဒါဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး နောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ဖို့ အီရန်နဲ့ အီရန်က ပံ့ပိုးထားတဲ့ အုပ်စုတွေကို တောင်းဆိုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ အစ္စရေးအပါအဝင် ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်နိုင်ငံတွေကို ကာကွယ်ဖို့အတွက် အမေရိကန်အနေနဲ့ ဘယ်တော့မှ တွန့်ဆုတ်သွားမှာမဟုတ်ဘူးလို့လည်း ဝန်ကြီး Austin က‌ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ အီရန်ခေါင်းဆောင်တွေအနေနဲ့ ဒီတိုက်ခိုက်မှဒအတွက် ပေးဆပ်ရမယ်လို့ သတိပေးထားပါတယ်။ အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ဗွီဒီယိုပုံတွေမှာတော့ အီရန်က ပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးတွေ အစ္စရေးထဲကို ကျရောက်ခဲ့သလို အိမ်နီးချင်း ဂျော်ဒန်နိုင်ငံထဲကို ပါ ကျရောက်ခဲ့တာပါ။ အစ္စရေးဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေအပျောက်စာရင်းကို ချက်ခြင်းထုတ်ပြန်တာမရှိပါဘူး။

အီရန် သမ္မတကတော့ ဒါဟာ နိုင်ငံနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက်ဖြစ်ကြောင်းနဲ့ အီရန်ဟာ ရန်လိုတတ်တဲ့ နိုင်ငံမဟုတ်ပေမဲ့ ခြိမ်းခြောက်မှု မှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း x လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

လက်ဘနွန်မှာ အစ္စရေးတပ်တွေ ဆက်လက် ထိုးစစ်ဆင်