အပစ်ရပ် သဘောတူညီချက်အရ လက်ဘနွန် တောင်ပိုင်းကို သူ့တပ်တွေ ပိုပြီး စေလွှတ်နေတယ်လို့ လက်ဘနွန် စစ်တပ်က ဗုဒ္ဓဟူးနေ့က ပြောလိုက်သလို၊ ဂါဇာမှာလည်း အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအတွက် လာမယ့်ရက်တွေမှာ နောက် တွန်းအားတရပ် ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လူမှုမီဒီယာမှာ ပြောလိုက်ပါတယ်။
လက်ဘနွန် အစ္စရေးစစ်ဟာ ၁၄ လ ကြာပြီးနောက် အမေရိကန် ကြားဝင်တဲ့ သဘောတူညီချက်ကို စ အကောင်အထည် ဖော်တာပါ။ ဘေရွတ်က တောင်ဘက်ကို အသွားလမ်းတွေမှာတော့ ထောင်ချီနေတဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရသူတွေ သူတို့ မြို့နဲ့ ရွာတွေကို ပြန်ဖို့ ကားတွေနဲ့ သွား ပြည့်ကျပ်နေပါတယ်။
ဒါပေမဲ့ အစ္စရေး တပ်တွေ ချထားတဲ့ နေရာတွေကိုတော့ မပြန်ကြဖို့ အစ္စရေးက သတိပေးထားပါတယ်။ "ဒါ နေ့သစ်ဖြစ်ပါတယ်" လို့ လက်ဘနွန် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် Najib Mikati က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။ ခေတ်သစ်သမိုင်းမှာ လက်ဘနွန်ပြည်သူတွေ ဒုက္ခအရောက်ဆုံး အချိန်တွေထဲက တချိန် ရဲ့ စာမျက်နှာကို လှန်လိုက်တာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။ အစ္စရေး အနေနဲ့ သဘောတူညီချက်ကို လေးစားဖို့ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပေမဲ့ ဟက်ဇ်ဘိုလာ အဖွဲ့ကိုတော့ မိန့်ခွန်းမှာ ထည့်ပြောမသွားပါဘူး။ သဘောတူညီချက်အရ ဟက်ဇ်ဘိုလာ အဖွဲ့ဟာ Litani မြစ် မြောက်ဘက်ကို ရွှေ့ရမှာပါ။
Your browser doesn’t support HTML5