ဗြိတိန်က Leeds United ဘောလုံးကလပ်အသင်း မြန်မာနိုင်ငံကို မေလထဲ သွားရောက်ဖို့ ရှိနေစဉ်မှာ ဒီခရီးစဉ်ကို ပြန်စဉ်းစားဖို့ Leeds မြို့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်က Leeds United ကလပ်ပိုင်ရှင်ဆီကို စာရေးသား တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးခဲ့ရအောင် ဆိုးဝါးတဲ့ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့အစိုးရကို ထောက်ခံအားပေးရာရောက်တယ်လို့ဆိုပြီး ဒီခရီးစဉ်ဟာ လုံးဝမသွားသင့်တဲ့ခရီးစဉ်ဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက Leeds United ပိုင်ရှင် Andrea Radrizzani ဆီပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။
မေလ ၉ ရက်နေ့ကျရင် ရန်ကုန်နဲ့ မေလ ၁၁ ရက်နေ့ကျရင် မန္တလေးမြို့တွေမှာ ချစ်ကြည်ရေး ပွဲစဉ်တွေကစားမယ်လို့ LeedsUnited ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီပွဲစဉ်တွေကို ပြန်လည်စဉ်းစားပြီး မသွားဖို့ဆုံးဖြတ်မယ်လို့ မျှော်လင့်ကြောင်း Leeds လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Rachel Reeves, Hilary Benn, Richard Burgon, Fabian Hamilton နဲ့ Alex Sobel တို့က အိတ်ဖွင့်ပေးစာထဲမှာ ရေးသားထားပါတယ်။ Leeds United အသင်းမြန်မာနိုင်ငံသွားမယ်လို့ ကြေညာခဲ့ပြီးထဲက မသွားသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။
အသင်းပိုင်ရှင် Radrizzani ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကို အကြိမ်ကြိမ်ရောက်ဖူးပြီး သံယောဇဉ်ရှိတယ်လို့ အသင်းပရိတ်သတ်တွေအတွက် ဒီသတင်းပါတ်အစောပိုင်းက အိတ်ဖွင့်ပေးစာထဲမှာ ရေးသားခဲ့ပါတယ်။ ခရီးစဉ်ကနေ အပြုသဘောသက်ရောက်မှုတွေရှိလာလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒါတင်မက ကျွန်တော်တို့ အလေးထားတဲ့ စံတန်ဖိုးတွေကို ဖြန့်ဖြုးချင်တယ်ဆိုရင် ကျောခိုင်းနေလို့ မရဘူးလို့ Leeds United ကလပ်အသင်းပိုင်ရှင် Andrea Radrizzani ကပြောပါတယ်။
Your browser doesn’t support HTML5