စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမှာ အရပ်သား ၂ ဦး သေဆုံး

သီပေါမြို့တွင်း လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်းများကို TNLA အဖွဲ့ထုတ်ပြန်သည့် မှတ်တမ်းရုပ်ပုံများမှ မြင်တွေ့ရစဉ် (ဩဂုတ် ၂၇၊ ၂၀၂၄)

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ဒီကနေ့ မနက် ၁နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ၄ကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၂ဦးထိခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း သီပေါမြို့မှာ တိုက်ပွဲတွေငြိမ်သက်နေပြီး နောင်ချိုမြို့နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေသလို ကချင်ပြည်နယ် မံစီနဲ့ မိုးမောက် မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က နောက်ဆုံးရ သတင်းတွေကို တင်ပြပေးပါမယ်။

TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ သီပေါမြို့ကို ဒီလ ၁၀ရက်နေ့က စတင်တိုက်ခိုက်ပြီး လောလောဆယ်မြို့ကို ထိန်းချုပ်ထားပေမယ့် သီပေါမြို့ပြင်က ခမရ ၅၀၃၊ ၅၀၄နဲ့ ခလရ ၂၃တို့ကိုတော့ သိမ်းယူနိုင်တာ မရှိသေးပါဘူး။

ဒီကနေ့ မနက်အစောပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းက လာရောက်တိုက်ခိုက်တာကြောင့် အရပ်သား သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက VOA ကို ပြောပါတယ်။

“ ဒီကနေ့ ၂၇ရက်နေ့ နံနက် ၁နာရီခွဲ ဝန်းကျင်မှာပေါ့နော်။ စစ်ကောင်စီဘက်က Y12 နဲ့ လာရောက်ပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တယ်။ စာသင်ကျောင်းတွေမှာ တကြိမ် လာရောက် ကြဲသွားတယ်။ ပြီးရင် ရပ်ကွက်တွေထဲမှာရှိတဲ့ နေအိမ်တွေမှာလည်း လာရောက် ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ဦး သေဆုံးတယ်။ ၂ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ စာသင်ကျောင်းနဲ့ နေအိမ်တွေကတော့ ထိခိုက်ပျက်ဆီးသွားတယ်။ ဗုံးအလုံးကတော့ ၅၀ကျော်ရှိပါတယ်။ အကြိမ်ကတော့ ၄ကြိမ် ရှိပါတယ်။ လတ်တလောမှာတော့ သီပေါမှာ တိုက်ပွဲ ငြိမ်နေပါတယ်။”

TNLA ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ Y12 အပြင် ဂျက်ဖိုက်တာနဲ့လည်း ၂ကြိမ် ဗုံး ၄လုံးကြဲခဲ့ကြောင်း၊ ကြဲချတဲ့ဗုံးတွေဟာ အုတ်ကျင်းရပ်ရှိ အမက ၁၊ အထက ၃နဲ့ ပန်းတိမ်တောင် ရပ်ကွက်တွေမှာ ကျရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

သီပေါမြို့တွင်း လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်းများကို TNLA အဖွဲ့ထုတ်ပြန်သည့် မှတ်တမ်းရုပ်ပုံများမှ မြင်တွေ့ရစဉ် (ဩဂုတ် ၂၇၊ ၂၀၂၄)

သေဆုံးသွားသူ ၂ဦးရဲ့ ရုပ်အလောင်းကိုတော့ သီပေါအခြေစိုက် လူမှုကူညီရေးအသင်းက ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း သီပေါမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း လွေးယေဦးက ဆက်ပြောပါတယ်။

“ ဒီတလောမှာတော့ နောင်ချိုမှာရှိတဲ့ တောင်ခမ်း ၉၀၂ တပ်စခန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နောင်ချို တောင်ခမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကတော့ စစ်ကောင်စီဘက်က ကျောက်ဂူကနေ ဖြတ်ပြီးတော့မှ စစ်အင်အားတွေ ဖြည့်တင်းလာတယ်။ အဲဒီ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတည်ရှိရာကို ကျမတို့ ပြန်လည်ထိုးစစ်ဆင် ခုခံ တိုက်တာဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲက ဖြစ်ပွားနေတာ ဖြစ်ပါတယ်။”

ဒီလအတွင်း သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ၂၁ဦးသေဆုံးပြီး ကလေး ၁၀ဦးအပါအဝင် လူ ၆၀ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့တချိန်တည်းမှာပဲ ကချင်ပြည်နယ် မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မံစီဘက်မှာ မနေ့ကမနက်က တိုက်ပွဲဖြစ်ပြီးမှာ ညနေပိုင်းကနေ ဒီနေ့ ဒီအချိန်ထိကတော့ တိုက်ပွဲမရှိဘူးလို့ ပြောတယ်။ နောက် ဒီ မိုးမောက်ဘက်မှာလည်း ၅မိုင်နဲ့ ၃မိုင်ကြားမှာ တိုက်ပွဲကတော့ ခန ခန ဖြစ်တယ်တဲ့။ သဘောကတော့ ဗန်းမော်လုံခြုံရေးအတွက်လည်း သူတို့ကတော့ စိုးရိမ်လို့ နေမှာပေါ့။ အရမ်းနီးကပ်လာလို့ နည်းနည်း လှုပ်ရှားတာနဲ့တော့ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုး ဖြစ်နေတာ။ ဟို စကစ ဘက်ကနဲ့လည်း ၄၃၇ ဘက်မှာ နည်းနည်း လှုပ်ရှားလာတယ်လို့ ပြောတယ်။ ဒါကြောင့် အမြဲတမ်းဆိုသလို တိုက်ပွဲဖြစ်တယ်တဲ့။ သူတို့က လက်နက်ကြီးနဲ့ ပစ်တာတွေ၊ ဒရုန်းနဲ့ လာပစ်တာတွေကတော့ အမြဲတမ်းဆိုသလို ရှိတယ်လို့ ပြောတယ်။ ”

ဒီလ ၁၉ရက်နေ့က မိုးမောက်မြို့နယ်ရှိ ခမရ ၄၃၇ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ ဒီတပ်စခန်းဟာ ဗန်းမော်မြို့နဲ့ ၆မိုင်ခန့်သာကွာဝေးပြီး ဗန်းမော်မြို့ ရဲ့ လုံခြုံရေးသာမက မြစ်ကြီးနား-ဗန်းမော်လမ်းနဲ့ ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းကိုပါ ထိန်းချုပ်ထားတဲ့ တပ်စခန်းလည်း ဖြစ်ပါတယ်။

KNG ခေါ် ကချင်သတင်းဌာနကတော့ ဗန်းမော်မြို့က သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ တိမ်းရှောင်နေဖို့အတွက် ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားကြောင်း သတင်းဖော်ပြထား ပါတယ်။

ဒီရက်ပိုင်းမှာတော့ ဖားကန့်မြို့ ဗျူဟာကုန်းမှာ စစ်ကောင်စီဘက်က လူနဲ့ လက်နက်တွေကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ဖြည့်တင်း နေတယ်လို့ သတင်းရပြီး ကချင်ပြည်နယ်အတွင်း အခြားဒေသတွေမှာတော့ တိုက်ပွဲဖြစ်တဲ့ သတင်းတွေ မကြားသိရကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမှာ အရပ်သား ၂ ဦး သေဆုံး