ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာ AA အာရက္ခတပ်တော်က မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်လာနေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အမ်းဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့ပေါ်မှာ စားနပ်ရိက္ခာတွေ ပြတ်လပ် နေတာကြောင့် မြို့ခံတွေအခက်ကြုံနေရကြပါတယ်။ မောင်တော၊ ဂွ ဘက်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား တိုက်ပွဲတွေက ဒီကနေ့အထိ ပြင်းထန်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အောက်တိုဘာလ ၂၃ရက်နေ့ ဒီကနေ့မှာတော့ အမ်းမြို့ပေါ်က စစ်ကောင်စီ စရဖတပ်ကို AA အာရက္ခတပ်တော် ဘက်က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“အမ်းမြို့အခြေအနေကတော့ ဒီကနေ့ မနက်မှာ ၆နာရီထိုးအချိန်က စပြီးတော့ တောထဲက အဖွဲ့တွေက စရဖ တပ်ကို ဝင်တိုက်တာပေါ့နော်၊ တိုက်တဲ့အချိန်မှာ အပြန်အလှန်ပစ်ကြ တာပေါ့၊ ၆နာရီကနေ ပစ်ကြတာ ရနာရီ ခွဲလောက်မှာပဲ အပစ်အခတ်တွေ ရပ်သွားကြတာ၊ စရဖတပ်မှာက အင်အားလည်းသိပ်မရှိတော့ ၃၇၃တပ်ရင်းလည်း အဲဒီစရဖတပ်ရင်းရယ် နှစ်ဖွဲ့ ပေါင်းပြီးတော့မှ သူတို့ ခံစစ်အနေအထားနဲ့ ခုခံနေကြတာပေါ့နော်။”
ဒါ့အပြင် နှစ်တပ်တွေကြား လက်နက်ကြီးတွေနဲ့အပြန်အလှန် ပစ်ခတ်နေကြတာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ လမ်းမပေါ်တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲသလို လေကြောင်းကနေလည်း တိုက်ခိုက်နေတယ်လို့ အမ်းမြို့ခံက ဆက်ပြောပါတယ်။
“ လက်နက်ကြီးတွေကတော့ အပေါ်က လေယာဉ်နဲ့ ဝဲတယ် ပြီးတော့ ဟိုတပ်က လှမ်းပစ် ဒီတပ်က လှမ်းပစ်နဲ့ တပ်တွေကတော့ အဲလိုတော့ လှမ်းပစ်နေကြတယ်။”
အမ်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို အာရက္ခတပ်တော် AA ဘက်က ပြီးခဲတဲ့ ဧပြီလကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး တပ်စခန်း တော်တော်များများကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ အမ်းမြို့ပေါ်မှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် ခမရ ၃၇၃၊ ခမရ ၃၇၂၊ ခမရ ၃၇၁၊ GE၊ BE အမြောက်တပ်နဲ့ စရဖတပ်တို့ ရှိနေသေးတာပါ။
လက်ရှိမှာတော့ AA ဘက်က ခမရ ၃၇၃ နဲ့ စရဖတပ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နပခ ဌာနချုပ်နဲ့ တခြားတပ်စခန်းတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။ စစ်ကောင်စီဘက်ကတော့ အမ်းမြို့နယ်မှာ ဆယ်ဘီးကားတွေနဲ့ စစ်အင်အားဖြည့်တင်းနေတာတွေ တွေ့နေရတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“ ဗမာပြည်ကနေပြီးတော့ ပြည်သူ့စစ်ဆိုလား ၂ နှစ်အာမခံဆိုတဲ့ အဲလို စစ်သားတွေ သူတို့ဆွဲခန့်ထားတဲ့ ဟာလေးတွေလေ၊ အဲဒါတွေကို ကျနော်တို့ ရခိုင်ပြည် အမ်းမြို့ကို အဲလို အင်အားတွေ ဖြည့်ထားတာရှိတယ်ခင်ဗျာ။ သူတို့လာတာကတော့ ကားနဲ့လာတာပါ။ ကားနဲ့ လာတုန်းကတော့ သူတို့ ယူနီဖောင်းဝတ်မလာဘူး အရပ်ဝတ်နဲ့ပဲ ဆယ်ဘီးကား နှစ်စီးနဲ့ အပြည့်လာပို့တာ၊ ပြီးတော့ စစ်တပ်က ကားတွေက ရှေ့ကလက်နက်အပြည့်နဲ့ နောက်က လက်နက်အပြည့်နဲ့ လမ်းကြော လုံခြုံရေးယူပြီးတော့ သယ်လာပေးတယ်ခင်ဗျာ။”
အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အမ်းမြို့ပေါ်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတဲ့ ဒေသခံ တော်တော်များများရှိနေသေးပြီး စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။
“ အမ်းမြို့ပေါ်မှာ စားနပ်ရိက္ခာ အခြေအနေကဆိုရင် အခုဆို ပေါ်ဆန်းမွှေးတပြည်ကို တသောင်းပေးပြီးတော့ ဝယ်စားနေရတယ်၊ ရိုဆန်ဆန်အရင်တုန်းက တပြည်ကို ၄၅၀၀၊၅ဝဝဝတန် အဲဒီဆန်တွေတော့ မရှိတော့ဘူးခင်ဗျာ။ လက်ရှိမြို့ပေါ်မှာရှိတဲ့ သူတွေနဲ့ ဘေးရွာတွေကနေ ပြေးလာကြတဲ့သူတွေ အနေနဲ့ စားနပ်ရိက္ခာနဲ့ ပတ်သတ်ပြီးတော့ ဆန်တခုက တော်တော်လေးကို ဒုက္ခကျနေတယ်။ဝယ်စရာပိုက်ဆံရှိပေမယ့်လည်း ဆန်က ရောင်းဖို့မရှိကြတာ။”
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်က ဂွနဲ့ မောင်တောမြို့နယ်တွေမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒါ့အပြင် တောင်ကုတ်မြို့အနီးဝန်းကျင်မှလည်း ရံဖန်ရံခါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ AA ကထုတ်ပြန်ထားတာပါ။
စစ်ကောင်စီဘက်က စစ်သင်္ဘော တွေပေါ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေလို့ ရခိုင်ပြည်နယ်အတွင်းသာမက ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေတယ်ဆိုတာ အာရက္ခတပ်တော်က AAက အောက်တိုဘာလ ၂၂ရက်နေ့နေ့စွဲနဲ့ စစ်ရေးသတင်း ထုတ်ပြန်ထားပါတယ်။ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ AAကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီ သင်တန်းပေးထားပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက်ကိုင် ARSA RSO နဲ့ ARA အဖွဲ့တွေနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲဖြစ်နေတယ်လို့ AAရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်တပ်တွေ နဲ့ အန္တရာယ်ဟာ နယ်စပ်တလျောက်မှာ နေထိုင်ကြတဲ့ အရပ်သားပြည် သူတွေ အတွက် စိုးရိမ်စရာဖြစ်လာနေတယ်လို့လည်း AAထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Your browser doesn’t support HTML5