ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ဖုံသာချောင်းဒေသက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာတွေမှာ အရေပြားနဲ့ ဝမ်းရောဂါတွေဖြစ်နေပြီးကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပါတယ်။ ဒါ့အပြင် ရေဘေး သင့်ဒေသခံတွေဟာလည်း လက်ရှိအချိန်ထိ လုံခြုံတဲ့အမိုးအကာအောက်ကို မရောက်နိုင်သေး သလို ရေဘေးသင့်ဒေသခံတွေအတွက် အရေးပေါ် လိုအပ်ချက်တွေ တော်တော်များများ ရှိနေသေးတယ်လို့ ဒေသတွင်းကူညီနေသူတွေက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်ကပေးပို့ထား ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ဖုံသာချောင်းဒေသက ကျေးရွာ ၁ဝ ကျော်မှာ လက်ရှိအချိန်ထိ နေထိုင်စားသောက်ရေး ကျန်းမာရေးစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖုံသာချောင်းဒေသက ရေဘေးသင့်ပြည်သူတွေတော်တော်များများမှာ အရေပြားနဲ့ ဝမ်းရောဂါတွေဖြစ်နေကြတယ်လို့ အဲဒီဒေသကိုသွားရောက်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ ကိုမြတ်လင်းထွန်းကပြောပါတယ်။
“လူကြီးပိုင်းတွေမှာဆိုရင် သွေးတိုးတာတို့၊ အာရုံကြောပြဿနာတို့ ပြီးတော့ ငှက်ဖျားပြ ဿနာတွေ တွေ့ရတယ်၊ လူလတ်ပိုင်းတွေမှာဆိုရင် ဖျားနာတာတို့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတို့တွေ့ရတယ်။ အရေပြားပြဿနာတို့ တွေ့ရတယ်။ လူငယ်ပိုင်းတွေမှာဆိုရင် တော်တော်များများက အရေပြား ပြဿနာနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေတွေ့ရတယ်။ ငှက်ဖျားရောဂါတော့ လူတိုင်းမှာတွေ့ရ တာမဟုတ်ဘူး။ ဒါပေမယ့် ငှက်ဖျားလက္ခာတွေ တွေ့ရတယ်။”
ဒါ့အပြင် အဲဒီဖုံသာချောင်းဒေသမှာ ကျန်းမာရေးဆေးပေးခန်းတွေလည်းမရှိတာကြောင့် ကျန်းမားရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ကျန်းမာရေးစောင့်ရှောက်မှုကတော့ တော်တော်လိုအပ်နေတယ်။ အဲဒီဖုန်သာချောင်း တချောင်းလုံးမှာ ကျန်းမာရေးဆေးပေးခန်း တခန်းမှမရှိဘူး။ တကယ်ပြောတာ။ လိုအပ်ချက်တွေက အများကြီးပါ။ ဆေးဝါးတွေနဲ့ပတ်သက်ရင် အများကြီးလိုအပ်နေတာ။”
ချင်းလူမျိုးအများဆုံးနေထိုင်တဲ့ ဖုံချောင်းဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၁ဝ ကျော်က နေအိမ်ပေါင်း ၃၃ဝ ကျော်ပျက်စီးသွားခဲ့သလို လူဦးရေ ၅,ဝဝဝ ကျော် ရေဘေးသင့်ခဲ့ရတယ် လို့ ဒေသတွင်း ကူညီသူတွေကပြောပါတယ်။ ဒါ့အပြင်ရေကြီးမှုကြောင့် စပါးစိုက်လယ်ဧက ၆ဝ ကျော် ပျက်စီးခဲ့သလို တခြားစိုက်ခင်း ဧက ၁၂ဝ ကျော် ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရေဘေးသင့်ဒေသခံတွေဟာ ဖြစ်သလို တဲအိမ်လေးတွေဆောက်ပြီးနေထိုင်ဖို့ ပြင်ဆင် နေကြပေမယ့် အမိုးအကာတွေ၊ စောင်၊ ခြင်ထောင်တွေနဲ့ အဝတ်အစားတွေ လိုအပ်နေတယ်လို့ တေလောင်အရေးပေါ်ကူညီရေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီက ဆလိုင်းထွန်းလှကျော်က ပြောပါတယ်။
“အရေးပေါ်အခြေအနေလိုအပ်နေတာကတော့ အဓိက အမိုးပေါ့နော်၊ တချို့မိသားစုတွေဆိုရင် ဝါးတွေနဲ့ဖြစ်သလို ဆောက်ထားတာတွေ့ရတယ်။ ဒါပေမယ့် အမိုးမရှိဘူး။ အမိုးကကျတော့ အရေးတကြီးလိုအပ်နေတဲ့အပိုင်း တွေ့ခဲ့တယ်။ နောက်တခုက စောင်နဲ့ခြင်ထောင်ပေါ့နော်၊ အရေးကြီးဆုံး ၃ ခုလို့ ပြောရမယ်ထင်တယ်။ အမိုးရယ်၊ ခြင်ထောင်ရယ်၊ စောင်ရယ်၊ နောက် တခုကျတော့ အဝတ်အထည်ပေါ့၊ စားနပ်ရိက္ခာကကျတော့ သူတို့အတွက် တလကျော်လောက်အတွက် ဖူလုံတဲ့ အနေအထားတွေ့ရတယ်ဗျာ။”
ဖုံသာချောင်းဒေသဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတခုဖြစ်သလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲပါတယ်။ ဒါ့အပြင် ရခိုင်ရိုးမအနီးမှာတည်ရှိပြီး တောတောင်ထူထပ်တဲ့ ဒေသတခုဖြစ်သလို ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဆောင်းဝင်တော့မှာဖြစ်ပေမယ့် ဖုံသာချောင်းဒေသက ရေဘေးသင့်ပြည်သူတွေမှာ စောင်နဲ့ခြင်ထောင်တွေနဲ့ လုံခြုံတဲ့အမိုးအကာတွေ မရှိသေးတာကြောင့် ငှက်ဖျားစိုးရိမ်မှုတွေရှိနေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
“အဲဒီဒေသဆိုရင် ငှက်ဖျားထူတဲ့ ဒေသဖြစ်တယ်။ အခုက ဆောင်းလည်းဝင်တော့မှာဖြစ်တဲ့အတွက် ခြင်ထောင်တွေ၊ အဝတ်အစားတွေ၊ စောင်တွေအကုန်လုံး ရေစီးနဲ့ပါသွားတာဆိုတော့ အခုလက်ရှိက စောင်တို့၊ ခြင်တောင်တို့၊ အဝတ်အစားတို့က မရှိဘူးဆိုတဲ့အနေအထား ကျနော်တွေ့ခဲ့ရတယ်။ မကြာခင် ဆောင်းဝင်တော့မယ်ဆိုတော့ ငှက်ဖျားစိုးရိမ်ရတဲ့အနေအထားတော့ရှိတာပေါ့။”
လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ အတွက် အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ အာရက္ခတပ်တော် AA ဘက်က ထောက်ပံ့တာတွေ ရှိပေမယ့်လည်း လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ ဒေသတွင်းကူညီသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ကြား တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ကုန်းလမ်းရေလမ်းတွေနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသတွင်း အခြေခံစားသုံးကုန်စည်တွေနဲ့ ဆေးဝါးတွေ ရှားပါးပြတ်လပ်နေပါတယ်။
Forum