ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်

ဂွမြို့

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွနဲ့ မြောက်ပိုင်းက မောင်တော မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့ ဂွမြို့မှာတော့ မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို၊ ဆေးရုံလုပ်ငန်းတွေပါ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားဖြစ်နေတဲ့တိုက်ပွဲတွေဟာ သံတွဲငပလီက နေတဆင့် ဂွမြို့နယ်အထိပါကျယ်ပြန့်လာနေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဂွမြို့နယ် ကျိန္တလီမြို့ကိုတော့ လက်ရှိမှာ AAဘက်က ထိန်းချုပ်ထားပြီး ဂွနဲ့ ကျိန္တလီကြားမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။

“ သြဂုတ်လ ၁၁ရက်နေ့က စပြီးတော့ တိုက်ပွဲကတော့ အပြင်းအထန်ဖြစ်နေတာ။ဒါပေမယ့် မနေ့ညကတော့ စစ်ကောင်စီဘက်က အကျအဆုံးများပြီးတော့ ရတနာမြိုင်ကျေးရွာ တံတား ဘက်ကို သူတို့ နောက်ဆုတ်သွားတယ် အကုန်လုံး တယောက်မှမရှိတော့ဘူး ကျိန္တလီမြို့ ပေါ်မှာ။အခုတော့ အဲဒီရတနာမြိုင်တံတားနားမှာ AAနဲ့တိုက်ပွဲဖြစ်နေတယ်၊ကျိန္တလီမြို့ပေါ်မှာ တော့ လူသေအလောင်းတွေရှိနေတယ်။ အမျိုးသမီးအများစုနဲ့ အမျိုးသားတချို့အလောင်း တွေ ရှိတယ်၊ ဘယ်သူတွေလဲဆိုတာတော့ ကျနော်တို့က ဝင်ကြည့် လို့မရသေးဘူး။”

ဂွမြို့အနီးအနား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဂွမြို့ခံတဦး ကဗွီအိုအေကို ပြောပါတယ်။

“ ဂွကတော့ ကြားရတာဘာညာတော့မရှိသေးဘူး၊ ဒါပေမယ့် နီးတော့ နီးလာပြီပေါ့။ ကျိန္တလီကျော်လာပြီဆိုတော့ ဒေသခံတွေကတော့ စိုးရိမ်နေကြတယ် ကိုယ့်မြို့မှာ ဖြစ်ဖို့ နီးလာပြီ ဆိုတော့ အဲတာကြောင့် ရှောင်နိုင်တဲ့သူတွေက ရှောင်သွားကြပြီ ကျန်တဲ့သူတွေကတော့ မရှောင်နို်င်တဲ့ သူတွေနဲ့ မရှောင်ကြတဲ့သူတွေပဲရှိတော့တာ။”

ဒါ့အပြင် ဂွမြို့နယ်မှာ မနေ့ကစပြီးတော့ ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီက ပိတ်ထားသလို ကုန်စည်စီးဆင်းမှုတွေလည်းမရှိတာကြောင့် လက်ရှိမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေ အခက်ကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။

“ ဒီမှာကတော့ ဘာအခက်အခဲရှိလဲဆိုရင် စားဖို့ သောက်ဖို့ကအစ အခက်အခဲရှိလာ တာပေါ့လေ၊ ရောင်းတဲ့စျေးသည်တွေလည်းမရှိတော့ဘူးလေ၊ အရောင်းအဝယ်သမားတွေ လည်းသိမ်မရှိတော့ဘူး၊ ကုန်စည်စီးဆင်းမှုလည်းမရှိတော့ဘူးလေ၊ ပြီးတော့ ဆေးရုံဆေးခန်း တွေကလည်း လူနာတွေတခုခုဖြစ်ရင်တောင်မှ ဘယ်သူ့ကို ပြလို့ပြရမှန်းမသိဘူးလေ။”

စစ်ကောင်စီဘက်ကတော့ ဂွနဲ့ ကျိန္တလီကြားမှာ တပ်စခန်းတွေအခိုင်အမာချပြီး ခုခံနေသလို ဂွမြို့ပေါ်မှာလည်း လက်နက်ကြီးတွေတပ်ဆင်ထားသလို စစ်အင်အားတွေလည်းဖြည့်တင်း ထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါ့အပြင် မြို့အဝင်အထွက် တွေမှာလည်း ဒေသခံတွေကို တင်းကြပ်စွာစစ်ဆေး နေတယ်လို့ဆိုပါတယ်။

တဆက်တည်းမှာပဲ ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်စန်း အားလုံးနီးပါးကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထားပြီဆိုပေမယ့် စစ်ကောင်စီက သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီလက်ကျန်တပ်သားတွေကို ဆက်လက်တိုက်ခိုက်နေရတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ စောစောကပြောခဲ့တဲ့ စစ်ရေးစောင့်ကြည့်နေသူက အခုလို ပြောပါတယ်။

“ မောင်တောမှာကတော့ စကစရဲ့ အဓိကနေရာတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ထား တာတော့ အတည်ပြုလို့ရတယ်၊ ဒါပေမယ့် စကစရဲ့ သင်တန်းဆင်း လက်နက်ကိုင်တချို့နဲ့ စကစရဲ့ ကျန်ရှိနေသေးတဲ့ လူတွေနဲ့တော့ AAနဲ့တော့ လက်ရှိအချိန်ထိတိုက်ပွဲရှိနေ သေးတယ် ဗျာ၊ မြို့ထဲမှာလို့ ပြောလို့လည်းရတယ်၊ အဓိကဖြစ်နေတဲ့ နေရာကတော့ နခခ(၅)ဝန်းကျင်မှာ ဖြစ်နေကြတာဗျာ။”

ရခိုင်ပြည်နယ်မှာ မြို့နယ် ၉ခုကို AAဘက်ကအပြီးပိုင်သိမ်းပိုက်ထားပြီး သံတွဲငပလီ၊ ဂွ၊ တောက်ကုတ်၊ မာန်အောင်၊ ကျောက်ဖြူ၊ အမ်း၊ မောင်တောနဲ့ စစ်တွေမြို့နယ်တို့သာ သိမ်းပိုက်ရန်ကျန်ရှိနေတာပါ။ အဲဒီထဲက သံတွဲ ဂွနဲ့ မောင်တောမြို့နယ်တွေကို လက်ရှိမှာ AAဘက်က ထိုးစစ်ဆင်နေဆဲဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေအားလုံးကိုလည်း AAဘက်က ပိတ်ဆို့ ထား တာပါ။

စစ်ကောင်စီဘက်ကတော့ တောင်ကုတ်၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေမှာ အင်းအားဖြည့် တင်းတာတွေရှိနေပြီး စစ်တွေမြို့မှာဆိုရင် ပင်လယ်ကမ်းနားတလျောက်ကို ခြံစည်းရိုး ကာရံတာတွေလည်းရှိနေတယ်လို့ စစ်တွေ ဒေသခံတွေကပြောပါတယ်။ ရခိုင်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်