ဆီဆိုင်မြို့အနီး စစ်ရေးတင်းမာမှုအတွက် ဒေသခံတွေစိုးရိမ်

ဆီဆိုင်မြို့အနီးတိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများ (ဩဂုတ် ၂၀၂၄)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အနီး စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ မကြာသေးခင်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံတွေဟာလည်း အရေးပေါ် အကူအညီတွေ လိုအပ်နေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။ ရှမ်းပြည်တောင်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အလိမ္မာ တင်ပြထားပါတယ်။

ဆီဆိုင်မြို့အရှေ့ဘက် လွယ်ဆောင်နဲ့ လွယ်ထွဲကျေးရွာတဝိုက်မှာ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) နဲ့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ အကြား ဒီလဆန်းကစ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ လတ်တလော တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ မရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်တင်းနေတာကြောင့် အခြေအနေဟာ တင်းမာနေတယ်လို့လည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ငြိမ်တယ်လို့တော့ မဟုတ်ဘူး၊ အကုန်လုံးတော့ Stand By ဖြစ်တယ်။ တချို့နေရာတော့ ကြိုကြားကြိုကြားတော့ဖြစ်တာပေါ့။ အရမ်းကြီး အရင်တစ်ခေါက်ကလို ကြီးကြီးကျယ်ကျယ်တော့ မဖြစ်တော့ဘူးပေါ့။ စစ်ကောင်စီကလည်း နောက်ထပ်ကို ၄နေရာ ၅နေရာ ၆နေရာ ၇နေရာလောက် ထိုင်ထားတယ်ထင်တယ်။ ဆီဆိုင်မြို့ထဲမှာ ၅နေရာ မြို့ရဲ့ အပြင်ဖက်မှာ ၂နေရာဗျ၊ အရှေ့ဖက်ပေါ့နော်”

ဆီဆိုင်မြို့ဘက်မှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းထားတာနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့သလို၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိုင်းယန်ကို မေးမြန်းထားပေမယ့် လတ်တလော တုံ့ပြန်တာမရှိသေးပါဘူး။

ဘေးလွတ်ရာကို တိမ်းရှောင်သွားတဲ့ ဆီဆိုင်မြို့ခံတဦးက လက်နက်ကြီးပစ်ခတ်သံတွေ နေ့စဉ်ဆိုသလို ကြားနေရတယ်လို့ ပြောပါတယ်။

“အခု လွယ်ထွဲဘက်မှာလည်း ပြန်လို့မရဘူးရှင့်ဟုတ်။ ကျမတို့က လွယ်ထွဲနဲ့နီးတော့လေ။ လက်နက်ကြီးတော့ ကြားတယ်ဟုတ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ အရင်ကလို ခဏခဏ နေ့တိုင်းကြားတယ်၊ ညဖက်ဆိုလည်း ကြားတယ်။ အခုတော့ နည်းနည်းပေ့ါနော် တစ်ရက်ကို ၄၊ ၅ ချက်ပေါ့နော် အဲ့လောက်ပဲ။ ညဖက်ဆို တခါတလေ တစ်ရက်တလေကျတော့ အသံတိတ်တယ်၊ တခါတလေကျတော့ လုံးဝနေ့တိုင်း နေ့တိုင်းထုနေတာပေါ့နော်။”

စစ်ရေးတင်းမာမှုတွေကြား ဒေသခံအရပ်သား သေကျေထိခိုက်မှုတွေလည်း ရှိနေတာပါ။ သြဂုတ် ၁၄ ရက်တုန်းကလည်း ဆီဆိုင်မြို့နယ်အရှေ့ဘက် ပန်အောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရှိခဲ့ကြောင်း PNLA က သြဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုဟာ PNO ပြည်သူ့စစ်အဖွဲ့ လက်ချက်အဖြစ် ပြောဆိုထားပေမဲ့ သီးခြားအတည်ပြုလို့တော့ မရပါဘူး။

ဒေသတည်ငြိမ်မှုမရှိသေးတာမို့ သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေက နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဘေးကင်းတဲ့ ကျေးရွာဘုန်းကြီးကျောင်းနဲ့ တောတောင်တွေထဲ ယာယီမိုးကာတဲထိုးပြီး ဖြစ်သလို နေထိုင်နေကြတာပါ။

ဒေသခံတွေ ကာလကြာရှည် တိမ်းရှောင်ရတာနဲ့အမျှ စားနပ်ရိက္ခာ အကျပ်အတည်း ရင်ဆိုင်လာရတဲ့ အကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူတဦးက VOA ကို ခုလို ပြောပါတယ်။

“ဆိုက်ခေါင်ဘက်မှာလည်း အများကြီးရှိတာပဲလေ(စစ်ရှောင်တွေ)ရောက်လာတယ်။ တချို့ကတော့ တောထဲမှာ ခြံထဲမှာပဲ လိုက်နေကြတယ်။ အဲ့လိုသွားနေတဲ့ အုပ်စုက ပိုများတယ်။ သစ်ပင်အောက်မှာသွားပြီးတော့ တဲထိုးနေတဲ့ အုပ်စုက ပိုများနေတယ်။ အဓိက စားနပ်ရိက္ခာတွေ မိုးကာတွေပေ့ါလေ မိုးတွင်းဆိုတော့လေ၊ ဆေးဝါး လိုတာပေါ့။ ပိုခက်ခဲလာတယ်။”

ဆိုက်ခေါင်စံပြကျေးရွာ ဘုန်းကြီးကျောင်းတခုမှာ ခိုလှုံနေတဲ့ ဆီဆိုင်မြို့ခံတဦးက နေရာထိုင်ခင်းအတွက် သွေးပူစရာမလိုပေမယ့် နေ့စဉ်စားသောက်ရေးအတွက် အခက်အခဲဖြစ်တယ်လို့ ပြောပါတယ်။

“စားဖို့သောက်ဖို့ပဲပေါ့နော်၊ အဲ့ဒါပဲ ပူရတယ်ရှင့်။ နေစရာ ထိုင်စရာကျတော့ ဒီဘုန်းကြီးကျောင်းမှာပေါ့နော်။ တခါတလေ အဲ့လိုမျိုး ခြံလိုက်ခုတ် လိုက်တာပေါ့နော် နေ့စားလိုက်တယ်ဟုတ်။ (သုံးစွဲဖို့)အလုံအလောက်မဟုတ်ဘူးပေါ့နော် ချွေးတာပြီးတော့ သုံးရတာပေါ့နော်။ အခုက စစ်ရှောင်ဆိုတော့ အသားငါးတော့ သိပ်မစားရဘူးပေါ့နော်၊ ဒီဟင်းသီးဟင်းရွာပဲပေါ့။”

မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခတွေနဲ့ ကပ်ဘေးဆိုးတွေကြောင့်ကလေးငယ် ၆ သန်း အပါအဝင်၊ ခန့်မှန်းခြေ လူပေါင်း ၁၈.၆ သန်းဟာ အရေးပေါ် စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီသီတင်းပတ်ထဲ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့မှာ သတိပေးထားပါတယ်။

Your browser doesn’t support HTML5

ဆီဆိုင်မြို့အနီး စစ်ရေးတင်းမာမှုအတွက် ဒေသခံတွေစိုးရိမ်