ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ တိမ်းရှောင်သူတွေတိုး

တရုတ်မြန်မာနယ်စပ်ဂိတ်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်ကစလို့ စစ်ရေးတင်းမာမှုတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်သူတွေ များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ်မြို့မှာ ဆိုရင်လည်း နယ်မြေမတည်ငြိမ်မှုတွေ၊ စီးပွားရေးနဲ့ ငွေကြေးပြဿနာတွေကြောင့် တရုတ်နိုင်ငံကို သွားရောက်သူတွေ တနေ့တခြား များလာနေတယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေ တရုတ်နိုင်ငံသွားရောက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

မူဆယ်မြို့အနီးတဝိုက်မှာ ဖြစ်နေတဲ့ ကိုးကန့် (MNDAA)တပ်အပါအ၀င် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ပြောင်းရွှေ့နေသူတွေ များလာကြောင်း မူဆယ်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မူဆယ်နယ်စပ်ဂိတ်ကို တရုတ်က ပိတ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နေပါတယ်။ ဒါပေမဲ့ လက်တလောမှာတော့ တရားဝင်နယ်စပ်ဖြတ်ကျော်သူတွေ အများအပြား ရှိနေသေးကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။


" (ရှမ်းမြောက်) စစ်ရေးကိစ္စက မူဆယ်တမြို့ပဲကျန်တော့ မူဆယ်ကို ဒီနေ့ဝင်မယ်၊ မနက်ဖြန်ဝင်မယ်နဲ့ ဖြစ်နေတဲ့အခါကြ ဖြစ်ပြီဆိုတဲ့ တရုတ်က သေချာပေါက် ပိတ်မှာလေ။ တော်တော်များများလည်း ဝင်လို့ရတဲ့သူတွေက ဝင်ပြီး ရှောင်နေကြတယ်ဗျ။ ဘာဖြစ်မယ်ဆိုတာတော့ အတိအကျသာ ပြောလို့မရသေးတာ အားလုံးက ဖြစ်လာမယ်ဆိုတာ မျှော်လင့်နေကြတော့ ရှောင်နေကြတယ်။ မူဆယ်ဒေသခံတွေရော၊ တနယ်တကျေးကနေလာ စီပွားရေလုပ်နေသူတွေရော၊ ဌာနဆိုင်ရာတွေရော၊ ဌာနဆိုင်ရာ မိသားစုတွေရော အကုန်လုံးက ဝင်လို့ရတဲ့သူကဝင်၊ ရှောင်လို့ရတဲ့သူက တော်တော်များများ ရှောင်နေကြပြီ။"

တနှစ်သက်တမ်းရှိတဲ့ တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်က မြန်မာငွေ သိန်း၆၀နီးပါး ရှိနေပါတယ်။ အများစုကတော့ တပတ်နေထိုင်ခွင့်ကတ်နဲ့ နယ်စပ်ကိုဖြတ်ပြီး တရုတ်သူဌေးရဲ့ အာမခံနဲ့ စက်ရုံတွေမှာ အလုပ် ဝင်လုပ်ကြတာပါ။ ရှမ်းမြောက်က ကုန်သည် လုပ်ငန်းရှင်တွေအပါအဝင်၊ ရန်ကုန် အထည်ချုပ်စက်ရုံတွေက ရောက်လာသူတွေလည်း ရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

" မူဆယ်က လားရှိုးသိမ်းပြီးတော့ နည်းနည်းတော့ အသံထွက်နေတာပေါ့နော်။ အခုလောလောဆယ်ကတော့ ငြိမ်ပါတယ်။ နောက်ဆုံး စမတ်ကတ် ပါလို့ရှိရင် ရပြီပေါ့နော်။ ဒီ (မူဆယ်) ရောက်ရင် တပတ်ကတ် လုပ်လိုက်မှာပေါ့။ တပတ်ကတ်လုပ်ပြီးတော့မှ သူဌေးရဲ့ အာမခံနဲ့ ခေါ်သွားပေးမှာ။ ဟိုရောက်ရင် တနှစ်တော့ အလုပ်လုပ်ပေးရမှာပေါ့နော်။ တနှစ်မပြည့်ဘဲ ထွက်ချင်ရင် ကြိုတော့ ပြောရမှာပေါ့။"

Your browser doesn’t support HTML5

နယ်စပ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်သတိပေး “တပတ်အတွင်းသတင်း”

စစ်ပွဲတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ စီးပွားရေး ကျဆင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြန်မာငွေတန်ဖိုးကလည်း ကျလာတဲ့အတွက် မူဆယ်မြို့မှာ မြန်မာငွေကိုလက်မခံတာကြောင့် တရုတ်ယွမ်ငွေနဲ့ အရောင်း အဝယ်လုပ်နေကြပါတယ်။

စစ်ကောင်စီရဲ့ အာဘော်ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ အခုနှစ် ဧပြီနဲ့ မေလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ သန်း၄၀၀ ရရှိခဲ့တယ်လို့ ဇွန်လထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကာလထက် ဒေါ်လာ သန်း၂၀၀ကျော် လျော့ကျသွားတာလို့ ရေးသားထားပါတယ်။ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်ခဲ့တာဖြစ်ပြီး မူဆယ်ကတော့ ဒီထဲမှာ ကုန်သွယ်မှုတန်ဖိုး အများဆုံး ဖြစ်တယ်လို့ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ တိမ်းရှောင်သူတွေတိုး