တိုက်ခိုက်မှုဖြစ်တဲ့ Bourbon လမ်းမ ပြန်လည်စည်ကား

နှစ်ဆန်းတရက်နေ့က လူအုပ်ထဲကို ကားနဲ့ဝင်တိုက်မှုဖြစ်ပြီး ၁၄ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း ပြန်လည်စည်ကားလာတဲ့ နယူးအော်လင်းမြို့က Bourbon လမ်း။ (ဇန်နဝါရီ ၂၊​၂၀၂၅)

နှစ်သစ်ကူးနေ့က အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ် New Orleans မြို့မှာ လူ ၁၄ ဦး သေဆုံးခဲ့တဲ့ ကားနဲ့ အတင်းဝင်တိုက်၊ ပစ်ခတ်မှုဖြစ်ခဲ့ရာ Bourbon လမ်းမတဝိုက် ကြာသပတေး နေ့လယ်ပိုင်းကစပြီး ပုံမှန် ပြန်လည်စည်ကားနေပါတယ်။

တိုက်ခိုက်မှုကိုတဦးတည်းကလုပ်ခဲ့တာဖြစ်ပြီး နောက်ထပ် အန္တရာယ်မရှိနိုင်တော့ဘူးလို့ အာဏာပိုင်တွေက ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီးနောက် အခင်းဖြစ်ပွါးခဲ့တဲ့ နေရာတဝိုက်ကို နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေနဲ့ အမြဲစည်ကားနေလေ့ရှိတဲ့ French Quarter နေရာမှာ လူတွေ ပုံမှန်လို ပြန်လည် သွားလာခဲ့ကြပါတယ်။ ပြုံးပျော်နေတဲ့ မျက်နှာတွေကို အမြဲတွေ့ရတဲ့နေရာမှာ တိုက်ခိုက်မှုကြောင့် ကြောက်လန့် အညံ့ခံတယ်ဆိုတာမျိုး မဖြစ်အောင် လာခဲ့တာဖြစ်တယ်လို့ Bourbon လမ်းကို လာကြတဲ့ ဒေသခံတချို့ ကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် နှစ်သစ်ကူးနေ့က ရွှေ့ဆိုင်းခဲ့ရတဲ့ နာမည်ကြီး အမေရိကန်ကောလိပ် ဘောလုံးသင်း နှစ်သင်းရဲ့ အမေရိကန်ဘောလုံးပွဲကိုလည်း ကြာသပတေးနေ့ ညနေက ကျင်းပခဲ့တာမှာ သေဆုံးခဲ့သူတွေအတွက် မိနစ်ဝက် ငြိမ်သက်ဆုတောင်းခဲ့ပါတယ်။

လူစည်ကားနေတဲ့လမ်းပေါ် ကားနဲ့ အတင်းဝင်တိုက်ခဲ့သူဟာ IS စစ်သွေးကြွအဖွဲ့ကိုအားကျတဲ့ အမေရိကန်နိုင်ငံသား စစ်ပြန် Shamsud-Din Jabbar ဖြစ်ပြီး အသေအချာ စုံစမ်းစစ်ဆေးမှုတွေအရ သူတယောက်တည်း တိုက်ခိုက်မှုလုပ်ခဲ့တာလို့ FBI ကပြောကြားခဲ့ပါတယ်။ ကားနဲ့အတင်းဝင်တိုက်ပြီး ပစ်ခတ်မှုကြောင့် ၁၄ ဦးသေဆုံးပြီး ၃၀ လောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ကနဦး ၁၅ ဦးသေဆုံး တယ်လို့ တာဝန်ရှိသူတွေ ပြောကြားခဲ့ပေမဲ့ ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ ၁၄ ယောက်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။