မလေးရှားရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အတိုက်အခံ ညွန့်ပေါင်းပါတီအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်ဟာ အသက် ၉၂ နှစ်အရွယ်မှာ နောက်တကျော့ ဝန်ကြီးချုပ် ပြန်ဖြစ်လာပါပြီ။ မဟာသီယာဟာ ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေးနေ့ကပဲ ကျမ်းသစ္စာကျိန်ဆိုပြီးဖြစ်ပါတယ်။ မလေးရှားနိုင်ငံရေး နောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Victor Beattie ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
မလေးရှားနိုင်ငံရေးကို စောင့်ကြည့်နေသူတွေအားလုံး အံ့အားသင့်ခဲ့ရတဲ့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာအပြီး ဝန်ကြီး ချုပ်ဟောင်း နာဂျစ်ဘ်က ကြာသပတေးနေ့အစောပိုင်းမှာ အရှုံးကို လက်ခံလိုက်ပြီးတဲ့နောက် မဟာသီယာ ဝန်ကြီးချုပ်သစ် ဖြစ်လာတာပါ။
မလေးရှားနိုင်ငံမှာ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်ပြီး ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၆၀ ကျော်အာဏာရခဲ့တဲ့ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) ဦးဆောင်တဲ့ Barisan Nasional ညွန့်ပေါင်းပါတီဟာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထင်မှတ်မထားဘဲ အရေးနိမ့်သွားပြီး မဟာသီယာဦးဆောင်တဲ့ မျှော်လင့်ခြင်း မဟာမိတ်အဖွဲ့လို့ ဆိုရ မယ့် Alliance of Hope အတိုက်အခံ ညွန့်ပေါင်းပါတီက အမတ်နေရာအများစုကို အနိုင်ရခဲ့တာပါ။
နောက်ဆုံးထွက်ထားတဲ့ ရလဒ်တွေအရ မဟာသီယာရဲ့ ညွန့်ပေါင်းပါတီက လွှတ်တော်အမတ်နေရာ ၂၂၂ နေရာမှာ ၁၁၅ နေရာ အနိုင်ရပြီး တခြား အနိုင်ရ နိုင်ငံရေးပါတီတွေ ပူးပေါင်းလာတာကြောင့် လွှတ်တော်တွင်း အမတ်နေရာ ၁၃၅ နေရာထိ ရထားပြီး ပါပြီ။
ဒီရွေးကောက်ပွဲဟာ မလေးရှားနိုင်ငံသားတွေအတွက်တော့ သမိုင်းဝင် အချိန်အခါဖြစ်တယ်လို့ မလေးရှားနိုင်ငံရေး စောင့်ကြည့် လေ့လာသူ Amir Fareed Rahim ကပြောပါတယ်။
“ပါတီတခုတည်းက အုပ်ချုပ်လာတဲ့ မလေးရှားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အပြောင်းအလဲတခုကို ကျနော် တို့ ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။ ဒါကြောင့် ဒီကနေ့နဲ့ ရှေ့လာမယ့်ရက်တွေဟာ မလေးရှားနိုင်ငံရေး အခင်းအကျင်းမှာ နေ့သစ် တွေ၊ အရုဏ်သစ်တွေ ရောက်လာပါပြီ။ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ အခြေအနေတခုခု တကယ်တမ်း ဖြစ်လာတယ်ဆိုတာကို လူအများအပြားက အံ့သြတကြီးနဲ့ မယုံနိုင်ဖြစ်နေတယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာနိုင်တဲ့ အကြောင်း ကော်ဖီဆိုင်တွေမှာ၊ ညစာစားချိန်တွေမှာ ပြောဆိုဆွေးနွေးတာတွေ ရှိခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုး တခါမှ မရောက်ဖူးသေးပါဘူး။ ဒါဟာ လုံးဝမဖြစ်ဘူးသေးတဲ့ အခြေအနေသစ်တခုပါပဲ။”
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရဲ့ ညွန့်ပေါင်းပါတီ အရေးနိမ့်သွားရတဲ့ အဓိကအကြောင်းတွေထဲမှာ လူနေမှုစရိတ် မြင့်တက်လာနေ တဲ့အပေါ် မဲဆန္ဒရှင်တွေ မကျေမနပ်ဖြစ်နေတာ၊ ရွေးကောက်ပွဲ မသမာမှုဆိုင်ရာ စွပ်စွဲချက်တွေ ထွက်ထားတာ၊ 1MDB လို့ခေါ်တဲ့ မလေးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင် ဒေါ်လာဘီလီယံပေါင်းများစွာ အလွဲသုံးစားလုပ် ပျောက်ဆုံးနေတာတွေပါဝင်ပါ တယ်။
UMNO ကို အရင်က ထောက်ခံခဲ့ကြသူတွေထဲ အဓိကကျတဲ့ မလေးရှား ကျေးလက်ဒေသ မဲဆန္ဒရှင်တွေကို ဒီတကြိမ်မှာ မဟာ သီယာက စည်းရုံးနိုင်ခဲ့တဲ့အတွက် UMNO အရေးနိမ့်သွားတာဖြစ်တယ်လို့ မလေးရှားနိုင်ငံရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့် လေ့လာနေသူ၊ သြစတြေးလျနိုင်ငံ၊ New South Wales တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ Clive Kessler က ပြောပါ တယ်။
Kessler Act: “အဆုံးမှာတော့ UMNO ကို စွန့်ခွာပြီး သူတို့အတွက်မဲပေးဖို့ မဟာသီယာနဲ့ အတိုက်အခံတွေက မလေးမဲဆန္ဒရှင် အရေအတွက် အလုံအလောက်ကို စည်းရုံးနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် နာဂျစ်ဘ်အစိုးရ အာဏာလက်လွတ်ပြီး အတိုက်အခံတွေ အနိုင်ရဖို့အတွက် မလေးကျေးလက်ဒေသတွေမှာ မလေးမဲဆန္ဒရှင်အရေအတွက် အလုံအလောက်ရဲ့ ထောက်ခံမဲကို သူတို့ ရသွားကြတာဖြစ်ပါတယ်။”
၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ မဟာသီယာ မိုဟာမက်ဒ်ကို တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ခဲ့သူအဖြစ် အသိအမှတ်ပြုကြပေမဲ့ သူ့လက်ထက်မှာ နိုင်ငံရေးအတိုက်အခံတွေကို နှိပ်ကွပ်တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တာတွေအပေါ် မလေးရှားနိုင်ငံသားအများအပြားက မကျေမနပ်ဖြစ်နေတုန်းပါ။
အခုတကြိမ် ရွေးကောက်ပွဲအနိုင်ရတာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်သူကတော့ အခုချိန်ထိ ထောင်ကျနေဆဲဖြစ်တဲ့ အတိုက် အခံခေါင်းဆောင် အန်န်ဝါ အီဘရာဟင်မ်ဖြစ်ပါတယ်။ မစ္စတာမဟာသီယာက သူ ပထမဆုံးလုပ်ဆောင်မယ့် ကိစ္စတွေထဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအပြင် အန်န်ဝါအတွက် မလေးဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ လုပ်သွားမယ်လို့ ပြောထားပါ တယ်။
ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အန်န်ဝါ ထောင်ကလွတ်လာတဲ့အခါ သူနုတ်ထွက်ပေးပြီး အန်န်ဝါ့ကို ဝန်ကြီးချုပ်အဖြစ် တင်မယ် လို့လည်း မဲဆွယ်စည်းရုံးရေးကာလအတွင်း မဟာသီယာက ပြောထားဖူးပါတယ်။
တကယ်ကတော့ မစ္စတာအန်န်ဝါ အီဘရာဟင်မ်ကို အကျင့်ပျက်ခြစားမှု၊ လိင်တူဆက်ဆံမှု စွပ်စွဲချက်တွေနဲ့ မစ္စတာ မဟာသီယာ နဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်တို့ နှစ်ဦးစလုံးက ထောင်ထဲ ထည့်ထားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျား။
Your browser doesn’t support HTML5