ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှု အထိ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ အဆုံးသတ်စေရေး ကျူးလွန်ခဲ့သူတွေကို ICC ၊ ICJ နိုင်ငံတကာ တရားရုံးတွေကနေ ကိုင်တွယ် အဖြေရှာသင့်ကြောင်း မလေးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ အရေး နိုင်ငံတကာ ဆွေးနွေးပွဲက တိုက်တွန်းခဲ့ပါတယ်။ မတ်လ ၂၅ - ၂၆ ရက်ထိ မလေးရှားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah နဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Syed Jaafar Albar တို့ တက်ရောက်ခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။
မတ်လ ၂၅ ရက်နေ့က ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း ပြောကြားခဲ့တဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဆုံးသတ်စေရေး နည်းလမ်းရှာဖွေဖို့ အခုလို ပြောသွားပါတယ်။
“ အဆိုးဆုံးက ဘာလဲဆိုတော့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ရပ်တန့်အောင် လုပ်နိုင်ပြီလား ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီလိုပြစ်မှုကျူးလွန်မှုတွေ ဆက်ပြီး မဖြစ်တော့ဘူး ဆိုတဲ့ အာမခံချက် ရှိလား။ ရခိုင်ပြည်နယ်မှာ ဒီကိစ္စဟာ နှစ်ပေါင်း အတန်ကြာ ရှိနေခဲ့တာပါ။ ကျနော်တို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း OIC ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Syed Hamid အနေနဲ့ သူတာဝန်ယူထားတဲ့ နေရာကနေ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ အကောင်းဆုံး အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အပြန်အလှန် ငြင်းခုံနေရတဲ့ အကြောင်းအရာ ကိစ္စရပ်တွေ ပြေလည်မှုရခဲ့ပေမယ့် ဒီပြစ်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုတော့ အခုချိန်ထိပြောနေရတုန်းပါပဲ။”
ရိုဟင်ဂျာ အကျပ်အတည်းကြီးကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဆုံးဖြတ်ချက်တွေ အမြောက်အများ ချမှတ်ထားပေမဲ့ လက်တွေ့ အခုချိန်ထိ ဘာမှဖြစ်မလာသေးတဲ့ အပေါ်မှာ မလေးရှား အစိုးရဘက်က စိတ်ပျက်မှုတွေ ရှိနေပြီး လက်တွေ့ ထိရောက်တဲ့နည်းလမ်းတွေ ရှာဖွေကြဖို့ တိုက်တွန်းကြောင်း ဆွေးနွေးပွဲမှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ကအခုလို ပြောသွားပါတယ်။
“ ဒီတော့ ကျနော်တို့ တကယ့်လက်တွေ့မှာ ဘာတွေလုပ်နိုင်သလဲ။ ကုလသမဂ္ဂ၊ OIC ၊ မလေးရှားအစိုးရနဲ့ အာဆီယံ တို့အနေနဲ့ ဘာတွေလုပ်နိုင်သလဲ။ တနည်းပြောရရင် နောက်တဆင့် ဘာဆက်လုပ်မလဲ။ နောက်တဆင့် အနေနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်မလား၊ ဒါမှမဟုတ် ဒီထက် ပိုကောင်းမွန်တဲ့ နည်းလမ်းကို ရှာဖွေမလား။”
အထူးသဖြင့် မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် လက်ခံခြင်း မရှိတဲ့ ကိစ္စဟာ အခြေခံလူ့အခွင့်အရေး ရှုထောင့်က ကြည့်ရင် အတော်လေး ဆိုးရွားကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးပွဲအတွင်း ဝေဖန်ပြောဆို သွားပါတယ်။
ဒုတိယနေ့ ဆွေးနွေးပွဲမှာ အဓိက ဦးဆောင်ဆွေးနွေးသူ အဖြစ် ပါဝင်ခဲ့တဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid ကတော့ နိုင်ငံတကာ ဥပဒေကြောင်းအရ အရေးယူနိုင်ရေး နည်းလမ်းတွေနဲ့ ပတ်သက်လို့ အခုလိုပြောသွားပါတယ်။
“ ICC နည်းလမ်းနဲ့ ပတ်သက်ရင် မသေချာ မရေရာတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆွေးနွေးကြသူတွေ ရှိသလို၊ ICC နဲ့ စတင်ပြီး ကိုင်တွယ်တဲ့ နည်းလမ်းက ပိုပြီးကောင်းတယ်လို့ ဆွေးနွေး တင်ပြသူ ရှိတာကိုလည်း ကျနော် နားထောင်ရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ICC နဲ့ အရင်စတင်တဲ့ နည်းလမ်းက ကောင်းတယ်လို့ မြင်ပါတယ်။ မြန်မာအစိုးရဘက်က ဒီအတွက် နစ်နာကောင်း နစ်နာနိုင်ပေမဲ့ ပြစ်မှုကို တကယ်ကျူးလွန်သူတွေ၊ တာဝန်ရှိသူတွေကို အနည်းဆုံး အရေးယူ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ကျနော်တို့ အတွက် ICJ နိုင်ငံတကာတရားရုံးကနေ ကိုင်တွယ်တဲ့ နည်းလမ်းက အကောင်းဆုံးလို့ မြင်ပါတယ်။ ”
မလေးရှား အစိုးရ ကိုယ်တိုင်လည်း မကြာသေးခင်ကပဲ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို သဘောတူလက်မှတ် ရေးထိုးပြီး အဖွဲ့ဝင်သစ်နိုင်ငံ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ပြဿနာရဲ့ အကန့်အသတ်တွေ သိထားပြီးသား ဖြစ်တဲ့အတွက် အခြား နည်းလမ်းတွေနဲ့ ဘယ်လိုရှာဖွေ အရေးယူနိုင်သလဲ ဆိုတဲ့ လမ်းကြောင်းတွေကိုပဲ အဖြေရှာသင့်ကြောင်း သူကပြောသွားပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင် တွေထဲမှာ မလေးရှားနိုင်ငံက ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုနဲ့ သူတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ပြန်ရရှိရေး၊ နိုင်ငံသားဖြစ်ခွင့်ပြုရေး စတာတွေကို အကျယ်လောင်ဆုံးပြောတဲ့ နိုင်ငံဖြစ်နေတဲ့ အတွက် မြန်မာက မလေးရှား ဆိုရင် ကန့်သတ်ထားကြောင်း Syed Hamid က အခုလိုပြောပါတယ်။
“ အဲဒီမှာ ဖြစ်နေတဲ့ ပဋိပက္ခဒဏ်ကို မလေးရှားအနေနဲ့ခံခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် မြန်မာ ၄၀၀,၀၀၀ လောက် အလုပ်လုပ်နေတာကို ကျနော်တို့ လက်ခံထားပြီး သူတို့ကိုလည်း တားမြစ်ပိတ်ပင်မှုတွေ မလုပ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက စီမံကိန်းတွေ အတွက် တင်ဒါခေါ်တဲ့အခါ မလေးရှားကို မပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မလေးရှားက မြန်မာကို အဝေဖန်ဆုံးဖြစ်နေလို့ပါ။ ”
အာဆီယံ အဖွဲ့ဝင်တွေထဲမှာ မြန်မာနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ အတော်လေး ကြီးမားခဲ့ကြောင်း Syed Hamid ကပြောပါတယ်။
“ အာဆီယံ ဆွေးနွေးပွဲတွေမှာ မြန်မာနဲ့ ပတ်သက်လို့ သီးသန့် ဆွေးနွေးတာကို လက်ခံဖို့ အခြားအဖွဲ့ဝင် နိုင်ငံတွေက အတော်လေး အခက်အခဲ ရှိခဲ့တာပါ။ နောက်ဆုံး မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးဟာ ဒေသတွင်းကို ပျံ့နှံလာနေပြီး ဒေသလုံခြုံရေးကိုပါ စိုးရိမ်နေရတယ်လို့ ကျနော်တို့ ပြောတဲ့အခါမှ သူတို့ လက်ခံခဲ့ကြတာပါ။”
OIC ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာအစိုးရနဲ့ဆက်သွယ် ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိခဲ့တာကိုလည်း သူက အခုလိုပြောပါတယ်။
“ မြန်မာအစိုးရအနေနဲ့ OIC နဲ့ပတ်သက်ပြီးတော့ ဘာမှ ပူးပေါင်းလုပ်ဆောင်လို တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျနော်ကိုတော့ ခွင့်ပြုခဲ့ပြီး အစိုးရက တာဝန်ရှိသူအဆင့်ဆင့်နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနဲ့ ကျနော့်ကို သူတို့က ခွင့်ပြုခဲ့တာပါ။ OIC ထက် အာဆီယံ အနေနဲ့ လာတာကို မြန်မာက လက်ခံခဲ့တာပါ။ ဒါကိုကြည့်ရင် OIC ရဲ့ ကြိုးစားအားထုတ်မှုတွေ ထဲမှာ အာဆီယံရဲ့အခန်းကဏ္ဍဟာ အရေးပါခဲ့ပါတယ်။ ”
ဒါကြောင့် OIC အနေနဲ့ ရိုဟင်ဂျာကိစ္စ ဖြေရှင်းပေးဖို့ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုကို လက်ခံပံ့ပိုးပေးဖို့ သဘောတူခဲ့ကြောင်း Syed Hamid က ဆိုပါတယ်။ အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်ရေးကို အာရုံစိုက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး မှာလည်း ဖိအားပေးမယ့် အစား အကာအကွယ်ပေးရေး အစီအစဉ်ကို စောင့်ကြည့်သင့်ကြောင်း Syed Hamid ကပြောပါတယ်။
မလေးရှား အစိုးရအနေနဲ့ မလေးရှားနိုင်ငံတွင်း ရှိနေတဲ့ ရိုဟင်ဂျာ အပါအဝင် မြန်မာနဲ့ တိုင်းရင်းသားဒုက္ခသည်တွေ အတွက် လူသားချင်း စာနာမှု အကူအညီတွေပေးတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bezar က ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အကူအညီ ထောက်ပံ့မှုတွေ ပေးနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက Saifuddin Abdullah က ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
Your browser doesn’t support HTML5