သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ထိရောက်စွာ အရေးယူဖို့ မြန်မာ အစိုးရ ပျက်ကွက်


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် ကြီးမားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် မြန်မာ စစ်အရာရှိတွေကို စုံစမ်းစစ်ဆေး အရေးယူဖို့ မြန်မာအစိုးရ ဘက်က ပျက်ကွက်နေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ စုစုပေါင်း (၈) ဖွဲ့ရှိခဲ့ပြီးနယ်မြေရှင်းလင်း တိုက်ခိုက်မှုတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ အပြစ်မရှိကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ပေးထားကြောင်း မဟာမင်းကြီးက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ အကြိမ် (၄၀)မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာတွေကို မတ်လ (၂၀) ရက်နေ့ ဗုဒ္ဓဟူးနေ့က မဟာမင်းကြီး Michelle Bachelet ကိုယ်တိုင် အစီရင်ခံ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အခြေအနေကို တင်ပြရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ အကြပ်အတည်းကို မြန်မာအစိုးရက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသလို၊ သူ့ရုံး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြောင်း မဟာမင်းကြီး Michelle Bachelet က ဝေဖန်ပြောဆို သွားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အနေနဲ့ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို အဓိက အကဲဖြတ်ခဲ့ကြောင်း သူက အခုလို ညီလာခံမှာ ပြောသွားပါတယ်။

“ကျမတို့ရဲ့ အစီရင်ခံစာ အရ မြန်မာ အစိုးရဘက်က တိုးတက်မှုတွေ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ နေရာမှာ သူတို့ ကိုယ်တိုင် သတ်မှတ်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဦးစားပေး လုပ်ဆောင်မယ့် အဓိက နေရာ ငါးနေရာကတော့ နိုင်ငံသားဖြစ်ခွင့်၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ခွင့်၊ အခြေခံ အခွင့်အရေးနဲ့လွတ်လပ်ခွင့်၊ ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်နဲ့တာဝန်ယူမှု၊ တာဝန်ခံမှု စတာတွေဖြစ်ပါတယ်။

အကြံပေးချက် တချို့ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ကိုဖီအာနန် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် တချို့ကို မြန်မာအစိုးရ ဘက်က ကနဦး စတင်ဆောင်ရွက်ခဲ့ပေမယ့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့ အကြံပြုထားတဲ့ အချက် အများစုကိုတော့ အကောင်အထည် ဖေါ်နိုင်ခြင်း မရှိသေးဘူး ဆိုတာကို ကျမတို့ အစီရင်ခံစာမှာ အဓိက အသားပေး ဖေါ်ပြ ထားပါတယ်။”

ဒါ့အပြင် အရင်နှစ်က အစီရင်ခံစာမှာ ထောက်ပြထားတဲ့ လူအခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ သိသာပြောင်းလဲတဲ့ တိုးတက်မှုတွေ မရှိဘူးလို့ Michelle Bachelet ကပြောပါတယ်။

“OHCHR ခွင့်ပြုဖို့ သဘောတူညီချက် မရတာ၊ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို ဝင်ခွင့်မပြုတာ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုကနေ ရုပ်သိမ်းခဲ့တာ စတဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ စိတ်မကောင်း ဖြစ်ရပါတယ်။”

လူ့အခွင့်အရေး ဆိုင်ရာ အဓိက စိုးရိမ်ချက်တွေ ထဲမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်း အတွက် နိုင်ငံသားဖြစ်ခွင့် ကိစ္စကို လုံလုံလောက်လောက် ဖြေရှင်းဖို့ နည်းလမ်းအဆင့်တွေ စတင်ဆောင်ရွက်ခြင်း မရှိသေးတဲ့ အချက်ကို အစီရင်ခံစာက တွေ့ရှိထားတယ်လို့ မဟာမင်းကြီးက ဆိုပါတယ်။

NVC နိုင်ငံသား စိစစ်ရေး ကဒ်ပြား ထုတ်ပေးတာကို ရပ်တန့်ဖို့၊ အခြေခံလိုအပ်တဲ့ လူမှုဝန်ဆောင်မှုတွေ အတွက် ကြိုတင် ကန့်သတ်ချက်လို ဖြစ်နေတဲ့ NVC ကဒ် ရရှိရေး အတွက် လိုအပ်ချက်တွေကို ချက်ချင်း ဖယ်ရှားပစ်ဖို့ အစီရင်ခံစာက တောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။

အသက်မွေးဝမ်းကျောင်း အပါအဝင် သူတို့ရဲ့ လူနေမှုဘ၀ မြှင့်တင်ရေး ကိုတောင် ရိုဟင်ဂျာတွေ လုပ်ပိုင်ခွင့် မရှိတာ၊ သူတို့ အသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ရှိဖို့ လိုအပ်နေတာ၊ စီမံခန့်ခွဲ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဖို့ လိုအပ်နေတာစတဲ့အချက်တွေကိုလည်း အစီရင်ခံစာက ထောက်ပြထားတယ်လို့ သူက ပြောပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရိုဟင်ဂျာတွေ ပါဝင်ခွင့် ရှိအောင် စီမံဆောင်ရွက်ဖို့လည်း အစီရင်ခံစာက အကြံပြုထားတယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းကို စနစ်တကျ ခွဲခြားဆက်ဆံတာ၊ လွတ်လပ်စွာ သွားလာခွင့် အပေါ် ကန့်သတ်ထားတာ စတဲ့အချက်တွေဟာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်ကို ဆက်လက်ပြီး အကြီးအကျယ် ထိခိုက် ဆုံးရှုံးစေပါတယ်။ ရခိုင်အကြံပေးကော်မရှင်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က အကြိမ်ပေါင်းများစွာ အကြံပြုထားတဲ့ အချက်တွေ အတိုင်း ဒီအခြေအနေကို အဆုံးသတ်စေရေး ချက်ချင်း အကောင်အထည် ဖေါ်ဆောင်ရွက်ဖို့ အစီရင်ခံစာက တောင်းဆိုထားပါတယ်။

" ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လက်ရှိ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၃၀,၀၀၀ ကျော် အပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ၂၀၁၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဒုက္ခသည် စခန်းတွေမှာ နေနေရတဲ့ မွတ်စလင်ပေါင်း ၁၃၀,၀၀၀ နီးပါး အတွက် သူတို့ နေရပ်ရင်း နေရာတွေကို ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ အစဉ်သဖြင့် နေထိုင်နိုင်ရေး၊ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ မရှိသေးဘူးလို့ အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။"

ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦ ဆောက်ပေးရုံနဲ့မလုံလောက်ပါဘူး။ အဓိက စိုးရိမ်မှုတွေအဖြစ် ဆက်ပြီးရှိနေတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေ၊ လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေး ဝန်ဆောင်မှု ခံစားခွင့် မရှိတာ၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း ပိတ်ပင်ခံရတာ စတဲ့ အခြေခံ လူမှုဝန်ဆောင်မှုတွေ အတွက် ကန့်သတ်ချက်တွေကို အစိုးရအနေနဲ့အဓိကထား ဖြေရှင်းပေးသင့်ပါတယ်။

" ဒါအပြင် ၂၀၁၇ခုနှစ် သြဂုတ်လမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြီးမားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်တာ၊ စစ်တပ် အဆင့်မြင့် အရာရှိတွေကို စုံစမ်းစစ်ဆေးဖို့ ဒါမှမဟုတ် အရေးယူ အပြစ်ပေးတာမျိုး မလုပ်နိုင်တဲ့အပေါ်မှာ စိုးရိမ်ချက်တွေ ရှိနေတာကို ကျမတို့ရဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။"

အခြားနေရာ အတော်များများ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် စိုးရိမ်မှုတွေကိုလည်း တိုးလာစေကြောင်း မဟာမင်းကြီးက ပြောပါတယ်။

၂၀၁၂ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံမှာ ကော်မရှင်ပေါင်း ရှစ်ခု ဖွဲ့စည်းခဲ့ပြီး ပါပြီ။ ဒီ ကော်မရှင်တွေ ကနေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ တိုက်ခိုက်မှုတွေနဲ့နယ်မြေရှင်းလင်းရေးတွေ အတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ရာဇဝတ်ကြောင်း ဆိုင်ရာ အရေးယူ အပြစ်ပေးတာကနေ ကင်းလွတ်ကြောင်း ထုတ်ဖေါ် ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် ပြန်နိုင်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးရေး အဆင့်တွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့၊ စစ်မှန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ပထမ အဆင့်အဖြစ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတဲ့ အခြေအနေမှန်ကို အာဏာပိုင်တွေဘက်က အသိအမှတ်ပြုဖို့ ကျမအနေနဲ့ တိုက်တွန်းပါတယ်။

အခြားနေရာအတော်များများ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် စိုးရိမ်မှုတွေကိုလည်း တိုးလာစေကြောင်း မဟာမင်းကြီးကပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိ

“၂၀၁၂ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါင်း ရှစ်ခုဖွဲ့စည်းခဲ့ပြီးပါပြီ။ ဒီကော်မရှင်တွေကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်မှုတွေ နဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် ရာဇဝတ်ပြစ်မှုကျူးလွန်တာမဟုတ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။”

ဒုက္ခသည်တွေ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက်ပြန်နိုင်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးရေး မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့၊ စစ်မှန်တဲ့ တာဝန်ယူမှု တာဝန်ခံမှု ပထမ အဆင့်အဖြစ် ဘာတွေဖြစ်ပျက်ခဲ့ သလဲ ဆိုတဲ့ အခြေအနေမှန်ကို အာဏာပိုင်တွေ ဘက်က အသိအမှတ်ပြုဖို့ တိုက်တွန်းကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ညီလာခံမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG