ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့က မြေစာပုံပြိုကျခဲ့ပြီး အနည်းဆုံး လူ ၂၅ ယောက်လောက် ပျောက်ဆုံးနေသလို အခုအချိန်အထိ တော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်း တယောက်မှ မရသေးတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက AFP သတင်းဌာနကို ပြောပါတယ်။ ဖားကန့်မြို့နယ် မနကျေးရွာအနီးမှာရှိတဲ့ မြေဇာပုံ မနေ့က ပြိုကျခဲ့တာဖြစ်ပြီး ပြိုကျတဲ့နေရာဟာ သွားလာရေး ခက်ခဲတဲ့အကြောင်း ပျောက်ဆုံးသူတွေဟာ အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက VOA ကို ပြောဆိုပါတယ်။
မြေဇာပုံဟာ ပေ ၅၀၀ နဲ့ ၆၀၀ အကြားလောက်မြင့်တဲ့ အကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးတွေ ရွာထားပြီး ရေကန်လို ဖြစ်နေတဲ့ ကျင်းဟောင်းနဘေးက ရေမဆေးကျောက်ရှာသူတွေ မြေစာပုံပြိုကျပြီး ရေလှိုင်းရိုက်တာကြောင့် မျောပါကြတာဖြစ်ပါတယ်။ ပျောက်ဆုံးတဲ့အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ဒေသခံတချို့က ခန့်မှန်းပါတယ်။ ဖားကန့်ဒေသမှာ အခုလို မြေစာပုံပြိုကျမှုတွေဟာ မကြာခဏ ဖြစ်ပေါ်တတ်သလို ဒီလ ၅ ရက်နေ့ကလည်း မှော်စီစာကျေးရွာမှာ မြေပြိုကျတာကြောင့် လူတယောက် သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ဝေခါမှော် မြေပြိုမှုမှာ လူ ၁၇၀ ကျော်သေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်မှာ အသေအပျောက် အများဆုံး မြေပြိုမှုဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မတ်လကလည်း ဆိပ်မူ ကျေးရွာအုပ်စု ဖားပြင်ရွာအနီး ကမ်းပါးပြိုကျခဲ့တဲ့အတွက် YTT ရတနာတောင်တန်းလုပ်ကွက်က ကုမ္ပဏီဝန်ထမ်း ၂၀ ကျော်ရဲ့ အလောင်းတွေ ရှာတွေ့ခဲ့ပါတယ်။ ဒီလို မြေစာပုံပြိုကျပြီး လူတွေ မကြာခဏ သေဆုံးရကြရတာဟာ အာဏာပိုင်တွေဘက်က တာဝန်မဲ့ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်လို့ဖြစ်တယ်ဆိုပြီး Global Witness ခေါ် နိုင်ငံတကာ သဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက ဝေဖန် ပြောဆိုကြပါတယ်။
Your browser doesn’t support HTML5