မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ အငြင်းပွားနေတဲ့ လယ်ယာပိုင်ဆိုင်မှု ကိစ္စနဲ့ပတ်သက်ပြီး တောင်သူူ ၆၈ယောက်ကို ရေနံသာ သမဝါယမ အသင်းက လျော်ကြေး သိန်း ၅ထောင်ကျော် ရလိုကြောင်း တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ တိုင်းတရားက ပလပ်လိုက်ပါတယ်။ ဒီလို အမှုပလပ်လိုက်တဲ့နောက် အငြင်းပွားနေတဲ့ လယ်ယာမြေ ၇၀၀ ကျော်ပြန်လည် ရရှိဖို့ လယ်သမားတွေဘက်က ဆက်လက်ဆောင်ရွက် ဖို့ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လယ်ယာမြေအငြင်းပွားမှုဟာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံသာ၊ တံငါသည်၊ ကျောက်စရစ်ကုန်း မြောက်၊ တမာကုန်း စတဲ့ ကျေးရွာက တောင်သူတွေနဲ့ ရေနံသာ သမဝါယမအသင်း အကြားဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီကျေးရွာက တောင်သူတွေရဲ့ လယ်ယာမြေ ဧက ၇၀၀ လောက်ကို ၁၉၈၇ ခုနှစ်လောက် က အစိုးရ လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ပြီး သမဝါယမက စီမံဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်လောက်မှာတော့ မူလ ပိုင်ရှင်တောင်သူ ၁၀၀ ကျော်က သူတို့ လယ်ယာပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွဲပြီး လယ်မြေတွေထဲမှာ ဝင်ရောက် ထွန်ယက်ရာက ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ခဲ့တာပါ။ ဒီလို အငြင်းပွားနေဆဲ ကာလမှာ မြေစာရင်းဌာနက လယ်ယာမြေ လုပ်ပိုင်ခွင်ဆိုင်ရာ ပုံစံ ၇ ရေနံသာ သမဝါယမ အသင်းကို ထုတ်ပေးခဲ့ပါတယ်။
ရေနံသာ သမဝါယမ အသင်းက ၂၀၁၆ခုနှစ်မှာ ထွန်တုံးတိုက်ပွဲဆင်နွဲတဲ့ တောင်သူ ၆၈ ယောက်ကို တရားစွဲပြီး နစ်နာကြေး သိန်း ၅ထောင်ကျော် ရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဒီကနေ့မှာတော့ အမှုကို တိုင်းလွှတ်တော်တရားရုံးက ပလပ်ပေးလိုက်ကြောင်း တရား စွဲဆို ခံရတဲ့ တောင်သူ ဦးစိုးမင်းက အခုလို ပြောပါတယ်။
“ အမှုက တရားမမှုက အခု တောင်သူတွေ တိုင်းရုံးမှာ တောင်သူတွေကို အနိုင်ပေး လိုက်တယ်ခင်ဗျ။ နစ်နာကြေးတောင်းထားတာက တောင်သူတွေက ကိုယ့်လယ် ကိုယ် ပြန်လုပ်လို့ ဆိုပြီးမှ သူတို့က နစ်နာကြေးတောင်းလိုက်တာခင်ဗျ။ နစ်နာကြေးတောင်း တာက ၅ထောင်၂ရာ ၆ဆယ် ဒသမ ၄၀ သိန်း၊ အဲဒါတွေက အကုန် ပလပ် လိုက်တယ်ခင်ဗျ။ ပေးစရာမလိုတော့ဘူးခင်ဗျ။ တရားသေ ပလပ်လိုက်တာခင်ဗျ။”
ဒီအမှုကိုအတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက အမှုပလပ်လိုက်တဲ့ အကြောင်းကို အခုလို ပြောပါတယ်။
“ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီလယ်သမား ၆၈ယောက်ကို တရားမမှု စွဲတယ်။ တိုင်းလွှတ်တော်မှာ ကျူးကျော်သူကို နှင်လိုမှုနဲ့ နစ်နာကြေး လျော်ကြေးပေါ့နော် သိန်း ၅ထောင်ကျော် ရလိုမှုနဲ့ တရားစွဲတယ်။ အဲဒီအမှုကြီး အခုပြီးသွားတာ ဒီနေ့ အမိန့်ချတယ်။ အမိန့်ချတော့ တရားလိုရဲ့ အဆိုလွှာကို ပလပ်လိုက်တယ်။ တိကျခိုင်လုံတဲ့ အကြောင်းတွေလည်း မပြနိုင်ဘူး။ နစ်နာဆုံးရှုံးရတဲ့ သက်သေအထောက် အထား မပြနိုင်ဘူး။ သူတို့မှာလည်း အမှုတွဲအတွင်းမှာ ပုံစံ ၇ ရခဲ့ပေမဲ့ အဲဒါကို လယ်စီ၊ လယ်စစ်က ပြန်ဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းလိုက်တဲ့အတွက်ဆိုပြီး အမှုကို ပလပ် လိုက်တယ်။”
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ကို တောင်သူတွေ ကန့်ကွက်ဆန္ဒပြတဲ့ကြားက ရေနံသာ သမဝါယမအသင်းကို ထုတ်ပေးခဲ့တာဖြစ်ပြီး ဒီပုံစံ ၇ ကို လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြား မြေတွေ၊ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက ပယ်ဖျက်လိုက်တာ ဖြစ်ကြောင်းလည်း တောင်သူတွေက ပြောပါတယ်။
လယ်သမားတွေဘက်ကတော့ အမှုဖြစ်ပွားချိန်မှာ ရေနံသာ သမဝါယမအသင်းကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ ထုတ်ပေးတဲ့ မြေစာရင်း ဦးစီးဌာနကို တရားစွဲဖို့နဲ့ သိမ်းဆည်းခံလယ်ယာတွေ ပြန်ရဖို့ အတွက် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
မတ္တရာမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက လယ်ယာတွေကို မူရင်းပိုင်ရှင်ထံ ပြန်ရဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
“ ခေတ်အဆက်ဆက် ဒီလို ဖြစ်ခဲ့တဲ့ပြဿနာတွေမှာ ခံခဲ့ရတာတွေကတော့ အများကြီးပေါ့။ ဒီပြဿနာဆိုလည်း ၈၈ မတိုင်ခင်က သိမ်းတဲ့ပြဿနာပေါ့။ အဲလို ဟာတွေပေါ့။ ဒါပေမဲ့ တကယ် မူရင်းပိုင်ရှင်မှန်ရင်တော့ သက်ဆိုင်ရာ ဌာနကလည်း စွန့်လွှတ်မယ်ဆိုရင်တော့ ကျနော်တို့က မူရင်းပိုင်ရှင်တွေ ပြန်လည်း ရစေချင်တယ်။ ကျနေ်ာတို့ဘက်ကလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးတာပေါ့ဗျာ။”
၂၀၁၆ ခုနှစ်ကလည်း မတ္တရာမြို့နယ်မှာ လယ်ယာမြေပြန်လည်ရရှိရေးအတွက် တောင်းဆိုသူ တောင်သူ ၄ယောက်ကို ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၁ တို့နဲ့ ထောင် ၁ နှစ် ၃လ စီ ချမှတ်ခဲ့ဖူးပါတယ်။
Your browser doesn’t support HTML5