ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ နိုင်ငံသား စိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ် National Verification Card ထုတ်ပေးတာတွေကို ကွင်းဆင်းဆောင်ရွက်ပေးနေပြီး လာရောက်ထုတ်ယူသူ နည်းပါးနေတာကြောင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းအပေါ် ပူးပေါင်းဆောင်ရွက်ကြဖို့ လဝက ပြည်နယ် ဦးစီးမှုးက တိုက်တွန်းပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်အတွင်းမှာပြီးခဲ့တဲ့ အပတ်က စတင်ပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
လောလောဆည်မှာတော့ မောင်တောမြို့နယ် ရွှေဇားရွာအုပ်စုမှ ကွင်းဆင်းဆောင်ရွက်ပေးနေပြီး လာရောက် ထုတ်ယူသူ ၁၀၀လောက်သာရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ် ဦးစီးမှုး ဦးအောင်မင်းက ပြောပါတယ်။
“ နည်းပါတယ် အားလုံးမှ ၁၀၀ကျော်ပဲရှိတယ်။ ကျနော်တို့ ၁၂ရက်နေ့က စပါတယ်။ မောင်တော ရွှေဇားပေါ့။ အနောက်ရွာ၊ မြောက်ရွာ၊ အလယ်ရွာ ထုတ်ပေးရမယ့်ဟာကတော့ ကျနော်တို့ ၃ရွာပေါင်းဆို ၂ထောင်ကျော်လောက်ရှိတာပေါ့။ ”
မြန်မာနိုင်ငံမှာ နေထိုင်သူအားလုံးဟာ လူမျိုး၊ဘာသာမခွဲခြားဘဲ ဥပဒေနဲ့ အညီ သက်သေခံကဒ်တမျိုးမျိုး ကိုင်ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ သက်သေခံကဒ်တခုခုရရှိဖို့အတွက် ၁၉၈၂ဥပဒေအရ စိစစ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
၁၉၈၂ ဥပဒေအရ စိစစ်ဖို့ အတွက် NVC ခေါ် နိုင်ငံသား စိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ် ထုတ်ယူကြဖို့ လိုအပ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ် ဦးစီးမှုး ဦးအောင်မင်းက ပြောပါတယ်။
“ NVC ကဒ်ကနေပြီးတော့မှ နိုင်ငံသားစိစစ်ရေးကဒ်ပြားအတွက်ကို နိုင်ငံသားစိစစ်မယ်ပေါ့။ နိုင်ငံသား ဖြစ်ထိုက် သူဟုတ် မဟုတ်။ ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရသင့်သူဟုတ် မဟုတ်ဆိုတာကို ကျနော်တို့က စိစစ်ပါ့မယ်။ အဲလို စိစစ်ပြီးတဲ့အခါမှာ ကျနော်တို့က ကဒ်ပြားတမျိုးမျိုးကို ထုတ်ပေးသွားပါမယ်။ အဲဒီကဒ်ပြား တမျိုးမျိုး ရပြီးတဲ့လူကတော့ ကျနော်တို့က ဒါ သွားလာခွင့်ကအစ အဆင်ပြေပြေချောချောမွေ့မွေ့ သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ဒီဖက်မှာ ရှိတဲ့ လူထုက လိုလိုလားလားနဲ့ ထုတ်ယူ ကိုင်ဆောင်ဖို့ လိုပါတယ်။”
နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို အရှိန်အဟုတ်မြှင့်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။
မြေပုံမြို့နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တဦးကတော့ NVC ကဒ် ထုတ်ယူသူနည်းပါးတဲ့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။
“ သူတို့ ဒီမှာ လူတွေရဲ့ စိတ်ထဲမှာတော့လေ NVC ကို ယူလိုက်ပြီဆိုရင်တော့ ဘယ်အထောက်အထားမှ မရှိတဲ့လူပေါ့။ အဲလို သက်ရောက်သွားတယ်ဆိုပြီးတော့ ထင်နေတာလေ။ အဓိကအချက်ကတော့ အဲဒါပဲ။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အရင်စစ်အစိုးရလက်ထက်က white card ခေါ် ယာယီသက်သေခံလက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒီသက်သေခံကဒ်တွေဟာ ၂၀၁၅ခုနှစ် မေလကုန်မှ သက်တမ်းကုန်ဆုံးချိန်မှာ ပြန်လည်အပ်နှံသူ ၄သိန်းကျော်လောက်ရှိခဲ့ပေမဲ့ NVC ကဒ် ထုတ်ယူသူဟာ ၇ထောင်လောက်သာ ရှိခဲ့ပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်လိုက် ရပ်ဆိုင်းလိုက်နဲ့ တဆက်တစပ်တည်း လုပ်ကိုင်မှုမရှိတာ၊နောက် အစိုးရက ပြည်သူလူထုကို အဆက်အသွယ်လုပ်တာ၊ လိုအပ်တဲ့သတင်းအချက် အလက်တွေ ပြည်သူလက်ခံရရှိအောင်ဆောင်ရွက်တာနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ မလုပ်ဆောင်တဲ့အတွက် ဒီလုပ်ငန်းအစဉ်အပေါ် ယုံကြည်မှုလျော့နည်းလာတာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
Your browser doesn’t support HTML5