မက္ကဆီကိုနယ်စပ်မှာ အမေရိကန်ထဲဝင်ဖို့ကြိုးစားသူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်

ရွေ့ပြောင်းနေထိုင်လိုသူတွေက တနင်္ဂနွေနေ့က မက္ကဆီကို နယ်စပ်ကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီးတဲ့နောက် အမေရိကန်ဘက်က San Diego နဲ့ မက္ကဆီကိုဘက်က Tijuana အကြားမှာရှိတဲ့ San Ysidro နယ်စပ်ဂိတ်ကို အမေရိကန် အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း အင်အား ၅၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ဘက်ကို ဝင်ဖို့ ကြိုးစားတာကို မက္ကဆီ ရဲတပ်ဖွဲ့က မတားဆီးနိုင်တာကြောင့် အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်တွေကလည်း ကောင်းကင်ပေါ်မှာ ပျံသန်းနေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်ရဲ့တောင်ဘက် မက္ကဆီကိုနိုင်ငံအတွင်းက Tijuana မြို့ကို ဗဟိုအမေရိကန်တိုက်က ရွေ့ပြောင်းနေထိုင်လိုသူ ၅,၀၀၀ လောက် မကြာသေးခင် ရက်တွေအတွင်း ရောက်လာခဲ့ကြတာပါ။ ဒီလူတွေဟာ သူတို့ုတိုင်းပြည် အသီးသီးက ငတ်မွတ်ခေါင်းပါးမှုနဲ့ အကြမ်းဖက်တွေကြောင့် ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းကတော့ မက္ကဆီကိုကတဆင့် အမေရိကန်ပြည်ထောင်စုထဲကို ဝင်လာဖို့ ကြိုးစားကြတဲ့ အဲဒီလူတွေကို တားဆီးပေးဖို့ မက္ကဆီနဲ့ ဗဟိုအမေရိကတိုက်က နိုင်ငံတွေကို သမ္မတ Donald Trump က မေတ္တာ ရပ်ခံခဲ့ပါတယ်။ အမေရိကန် အစိုးရက အဲဒီ ရွေ့ပြောင်း နေထိုင်လိုသူတွေရဲ့ ခိုလှုံခွင့် လျှောက်ထားမှုတွေကို လူဝင်မှုကြီးကြပ်ရေးရုံးက အပြီးသတ် မဆုံးဖြတ်ရသေးခင် ကာလအတွင်း မက္ကဆီကို နိုင်ငံမှာ လက်ခံထားပေးဖို့ မက္ကဆီကိုက သဘောတူခဲ့တယ်ဆိုတဲ့ သမ္မတ Trump ရဲ့ အစောပိုင်းက ပြောဆိုမှုဟာ မမှန်ကြောင်း မက္ကဆီဘက်က ငြင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

မက္ကဆီကိုနယ်စပ်မှာ အမေရိကန်ထဲဝင်ဖို့ကြိုးစားသူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်