စည်ပင်ဧည့်ရိပ်သာနေ ကိုယ်စားလှယ်တွေကို နေရပ်ပြန်ခိုင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က နေပြည်တော် လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်များ။ (ဇန်နဝါရီ ၂၄၊ ၂၀၁၈)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲဆိုလိုက်ကြောင်း လုပ်ဖော်ကိုင်ဖက်နီးစပ်သူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒီသီတင်းပတ် အစောပိုင်းကတည်းက နေပြည်တော်မှာ တားဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်ဖို့လည်း အာဏာပိုင်တွေ ညွှန်ကြားနေပါတယ်။ အာဏာသိမ်းပြီး နောက်ဆက်တွဲ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် မမေခက စုစည်းတင်ပြပေးပါမယ်။

တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ တင်သွင်းမှု၊ သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုလိုက်ကြောင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ တရားရုံးမှတ်တမ်းတွေမှာ တွေ့ရသလို နီးစပ်သူတွေကလည်း ပြောပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ဒီမနက်မှာပဲ နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ်တရားရုံးမှာ teleconference အွန်လိုင်းကနေ ရုံးထုတ်ခဲ့ပြီး ချုပ်ရမာန်ယူခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်မေဝင်းမြင့်ကတော့ တရားစွဲဆို အရေးယူလိုက်တဲ့ ကိစ္စအပေါ်....

"အန်တီတို့ ကြားတာကတော့ ဒီနေ့ရမာန်ယူတယ်ကြားတယ်လေ။ အသေးစိတ်ကတော့ အန်တီတို့မသိရသေးတော့လေ။ အန်တီသိတာတော့ ရမာန်ကို ဒီတိုင်းလာယူတယ်ကြားပါတယ်။ NLD ရဲ့ကြေငြာချက်မှာပါပြီးသားလေ။ ဒီလိုလုပ်တာကို လက်မခံပါဘူးလို့ တရားဝင်ထုတ်ပြန်ထားပြီးပါပြီ။ ဒါကတော့ လက်ရှိတာဝန်ယူထားသူတွေက လုပ်သွားတာကတော့ သူတို့လုပ်ဆောင်ချက်ပဲ ဖြစ်တယ်လိုပဲ ပြောချင်ပါတယ်။"

SEE ALSO: မြန်မာစစ်အာဏာသိမ်းမှု နိုင်ငံတကာတုံ့ပြန်မှု မတူညီ

အစိုးရထိပ်တန်းခေါင်းဆောင် နှစ် ယောက်ကို တရားစွဲဆိုထားတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ်ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်အောက် ဒါမှမဟုတ် ငွေဒဏ် ကျခံရမှာဖြစ်ပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ မှာတော့ ထောင်ဒဏ် ၃ နှစ် ထက်မပိုတဲ့ ပြစ်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ဒဏ် နှစ် ရပ်စလုံးပေးနိုင်ကြောင်း ပြဌာန်းထားပါတယ်။

ဖမ်းဆီးခံ အစိုးရထိပ်တန်းခေါင်းဆောင် နှစ် ၂ ယောက်ကို တရားစွဲဆိုအရေးယူထားပြီး ချုပ်ရမာန်ယူလိုက်တယ်ဆိုတဲ့ သတင်းတွေကို သီးခြား အတည်ပြုဖို့ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။

စစ်တပ် ဦးဆောင်ဖွဲ့ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ အဖွဲ့ဝင် ဦးသိန်းညွှန့်ကို ဗွီအိုအေ က ဆက်သွယ် မေးမြန်းတာမှာတော့ လက်ရှိအခြေအနေမှာ ဘာမှပြောဆိုနိုင်တာ မရှိသေးကြောင်းတုံ့ပြန်ခဲ့ပါတယ်။

"အခုလောလောဆယ် ဘာမှပြောလို့ မရသေးဘူးနော်။ အဲဒါလေး မေတ္တာရပ်ခံပါတယ်။"

တချိန်တည်းမှာပဲ နေပြည်တော်မှာ လွှတ်တော်သစ်အတွက် ရောက်နေကြတဲ့ ကိုယ်စားလှယ်တွေကိုလည်း နေရပ်ပြန်ဖို့ အာဏာပိုင်တွေ ညွှန်ကြားနေပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းထိန်ကေတာ့ နေပြည်တော်စည်ပင်ဝင်းအတွင်းက ကိုယ်စားလှယ်တွေကို အတင်းအကြပ် ဖယ်ခိုင်းနေတယ်လို့ ပြောပါတယ်။

"အခုက မပြန်ရင် အတင်းဆွဲထုတ်မယ့် သဘောရှိတယ်။ စစ်အစိုးရအတိုင်း အဲဒီအတိုင်းပဲ ဆက်ဆံတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို မင်းတို့ မနေကြနဲ့ ပြန်ကြဆိုကတည်းကမင်းတို့ကို ဒါထင်တယ်လို့ပြောတာပဲ... ဒါပဲ။ အဲဒီတိုင်းရေးလိုက်ပါ။"

လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာ ကန့်သတ်တားဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ မနေ့က ညနေပိုင်းမှာပဲ ကိုယ့်အစီအစဉ်နဲ့ကို ပြန်ခွင့်ပြုလိုက်ကြောင်း စစ်တပ်တာဝန်ရှိသူတဦးက အကြောင်းကြားခဲ့ပါတယ်။ ဒီနေ့ အစောပိုင်းမှာတော့ နေထိုင်ရာနေရာကနေ ၂၄ နာရီအတွင်းဖယ်ရှားဖို့ ထပ်မံ သတိပေးခဲ့ကြောင်းလည်း NLD ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က အတည်ပြုပြောဆိုပါတယ်။

"မနေ့က အစိုးရဘက်က ပြန်လို့ရတယ်လာပြောတယ်။ နယ်မှာ ရှိတဲ့ ကားသယ်ယူပို့ဆောင်တာရှိလို့ ၆ ရက်နေ့မှာ ထွက်မယ်... NLD ပေါ့နော်။ ကျန်တဲ့ ကိုယ်စားလှယ်တွေ၊ တချို့တိုင်းရင်းသားကိုယ်စားလှယ်တွေကတော့ ပြန်သွားကြပြီ။ ဘာလို့လဲဆို မော်တော် ကားမှာဖို့တွေ၊ သယ်ယူပို့ဆောင်ရေး နယ်အဝေးတွေလည်း ရှိတာကိုး။ မနေ့က ညှိလိုက်တယ်... တပ်မတော်အရာရှိတွေနဲ့ သူကလည်း အပေါ်ကိုပြောပြီးတော့.... ရပါတယ်လို့ ကျနော်တို့က ဖြစ်တယ်။ ဒီကရှိတဲ့လူတွေက ကိုယ်အိမ်တွေကနေ လှမ်းပြီးတော့ ကားမှာတာတို့၊ ဒီမှာလာတဲ့ အဝင်ထွက်ကြတော့လည်း Quarantine တွေ မဝင်ရရေး အဲဒါတွေလုပ်နေကြရတာကိုး။ ဒီနေ့မနက်ခင်ကျတော့ ပထမစည်ပင်ကပြောတယ်။ ၄၈ နာရီအတွင်း ဖယ်ဖို့ပြောတယ်။ ခဏနေကျတော့ နယ်လုံဝန်ကြီးဘက်ကနေ ၂၄ နာရီအတွင်းဖယ်ဖို့ပြောတယ်။ ဖိအားပေးတာပေါ့ဗျာ။"

လွှတ်တော်သစ်ကို တက်ရောက်ဖို့ ရောက်နေတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့ကတော့ နေရပ်ကိုပြန်လည်ထွက်ခွာလာနေကြပြီလို့လည်း မွန်ညီညွှတ်ရေးပါတီက နိုင်စံတင်က ပြောပါတယ်။

"မနေ့ထဲကတည်းက ကားမှာလိုက်ပြီး ကျနော်တို့ ခုပြန်နေပါတယ်။ ခုစစ်တောင်းတောင်ရောက်နေပါပြီ။ မော်လမြိုင်ပြန်ဖို့။"

ဒီသီတင်းပတ် အစောပိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံခဲ့ရတဲ့ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရအဖွဲ့ဝင် တော်တော်များများကိုတော့ ပြီးခဲ့တဲ့ရက်တွေမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တချို့အပါအဝင် တက်ကြွလှုပ်ရှားသူ တချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စည်ပင်ဧည့်ရိပ်သာနေ ကိုယ်စားလှယ်တွေကို နေရပ်ပြန်ခိုင်း

[Unicode Version]




SEE ALSO: နိုင်ငံရေးအကြပ်အတည်း ကြီးလာမှာ တိုင်းရင်းသားပါတီတွေ စိုးရိမ်





"အခုလောလောဆယျ ဘာမှပွောလို့ မရသေးဘူးနောျ။ အဲဒါလေး မတေ်တာရပျခံပါတယျ။"






