အကြမ်းဖက်မှုတွေရပ်ဖို့ ဝန်ကြီး Blinken စစ်ကောင်စီကိုတောင်းဆို

အာဆီယံနဲ့မိတ်ဖက်နိုင်ငံများအစည်းအဝေးမှာတွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် ဘယ်နေရာမှာမဆို ပြည်သူတွေကိုယ်တိုင် လွတ်လပ်တဲ့ အနာဂတ်ဖော်ဆောင်နိုင်ရေးကို အားပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ပိုမိုငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး အမေရိကန်က အရှိန်မြှင့်ကြိုးပမ်းနေပါတယ်လို့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken ကပြောကြားသွားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး အမေရိကန်ပြည်ထောင်စုရဲ့ ပံ့ပိုး ကြိုးပမ်းမှုတွေကို ပြောကြားခဲ့သလို မြောက်ကိုရီးယားရဲ့ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ရှုတ်ချသွားပြီး အင်ဒိုပစိဖိတ်ဒေသမှာ လွတ်လပ်စွာ ရေကြောင်း၊ လေကြောင်း သွားလာမှုတွေ ရှိဖို့နဲ့ ကုန်သွယ်ရေးနဲ့ ရေကြောင်းသွားလာမှုတွေမှာ အရေးပါတဲ့ ထိုင်ဝမ်ကျွန်းဆွယ် တလျှောက် တည်ငြိမ်မှု ရှိရေး ဆက်လက် အားပေး လုပ်ဆောင်သွားမယ်ဆိုတာတွေကို သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken ပြောကြားသွားတာဖြစ်ပါတယ်။

သတင်းစာရှင်းပွဲ မလုပ်ခင် အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တုန်းကလည်း အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံရဲ့ အရေးပါမှုကို ဆက်လက် အားပေး ထောက်ခံသွားမယ့်အကြောင်း ပြောဆိုပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ မြန်မာအပါအဝင် နိုင်ငံတချို့ဟာ ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ အခြေခံမူတွေကို ချိုးဖောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အမေရိကန်က ထောက်ခံကြောင်းကိုလည်း ပြောခဲ့ပါတယ်။ ဒါတင်မက အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါလို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကတောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ သံတမန်ရေးအရ ပံ့ပိုးမှုတွေနဲ့အတူ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ် အမေရိကန်က ဖိအားတွေ ဆက်ပေးသွားမယ် ဆိုတာကို အရှေ့အာရှ ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ လာအိုနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီး Blinken ထပ်လောင်းပြောဆိုသွားပါတယ်။ ဝန်ကြီးဘလင်ကန်ဟာ ကြာသပတေးနေ့ ညနေပိုင်းကလည်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါသေးတယ်။