(Zawgyi/Unicode)
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ ဒဏ်ကြေးသက်သက်သာသာနဲ့ နေရပ်ရင်းပြန်နိုင်မယ့် B4G (Back For Good) အစီအစဉ်ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာမို့ မြန်မာနိုင်ငံသား အတော် များများ နေရပ်ပြန်ဖို့လုပ်နေကြတယ်လို့ မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။ တရားမဝင် နိုင်ငံ ခြားသားတွေကို စီမံကိန်းနဲ့ဖမ်းဆီးတာကြောင့် အများအပြား ဖမ်းဆီးခံရပြီးချိန်မှာပဲ အခုလို နေရပ်ရင်းပြန်ဖို့ လုပ်လာကြတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံမှာ နှစ်ကုန်ပိုင်းအတွင်း အဖမ်းအဆီးတွေ ပိုပြီးစိတ်လာတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ မလေးရှား ပြည်နယ် တိုင်းက လူဝင်မူကြီးကြပ်ရေးဌာနတွေမှာ ဒဏ်ကြေးပေးသွင်းပြီး နေရပ်ပြန်ကြသူတွေ များလာတာပါ။
ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုယ်စားပြုပြီး အကူအညီပေးနေတဲ့ ကိုသီဟမောင်မောင်က ဒီရက်ပိုင်းတွေအတွင်း နေရပ်ပြန်သူ များလာတာကို အခုလို အတည်ပြု ပြောပါ တယ်။
“ပြန်တာကတော့ ရက်ကလည်း ကပ်နေတဲ့အခါကျတော့ ဒီရက်ထဲမှာ ပြုံပြီးပြန်နေတာတွေ့ရတယ်။ ပြုံပြီးပြန်တယ်ဆိုတာကတော့ ကိုယ်နိုင်ငံသားတွေချည်းမဟုတ်ဘူး၊ တခြားနိုင်ငံသားတွေလည်း ပြန်ကြတယ်၊ သူ့ပြည်နယ်နဲ့သူပေါ့၊ ပြည်နယ်တိုင်းမှာရှိတယ်၊ ပြည်နယ်တိုင်းမှာ မပြည့်တဲ့ပြည်နယ်မရှိဘူး။”
မလေးရှားအစိုးရသစ်လက်ထက်မှာ တရားမဝင်နိုင်ငံခြားသား ရှင်းလင်းရေးစီမံချက်ကို ဆက်တိုက်လုပ်ခဲ့ပြီး ဒဏ်ကြေးသက်သာ စွာနဲ့ နေရပ်ပြန်နိုင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်တာ ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့လည်း ကိုသီဟ မောင်မောင်ကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် ၈ လပိုင်း ၃၀ ရက်နေ့က နောက်ဆုံးပိတ်လိုက်တာ၊ ပြီးခဲ့တဲ့ ၆ လပိုင်းတုန်းက ပြန်ဖို့အတွက် နှစ်လလောက် သတ်မှတ်ပေးထားတာက ပြီးခဲ့တဲ့နှစ် ၈ လပိုင်း ၃၀ ရက်နေ့ နောက်ဆုံးသတ်မှတ်ပေးခဲ့တာ။ နောက်တကြိမ်ကတော့ (ဒီနှစ်) ၈ လပိုင်း ၃၀ ရက်နေ့ကနေ ၁၂ လပိုင်း ၃၁ ရက်အထိ ပြန်ဖို့သတ်မှတ်ပေးထားတာ၊ အစိုးရသစ်လက်ထက်မှာ ဒုတိယအကြိမ် အဖြစ် ကျနော်တို့တွေ့ရပါတယ်။”
မြန်မာနိုင်ငံ၊ အလုပ်သမား လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ မလေးရှားကို တရားဝင်စေလွှတ်တဲ့ အလုပ်သမားပေါင်း ၂၀၀,၀၀၀ ကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာနိုင်ငံသားအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း ရှိနေတယ်လို့ ပြောဆိုထားပါတယ်။
ဒဏ်ကြေးသက်သာစွာနဲ့ နေရပ်ပြန်နိုင်ရေး မလေးရှားအစိုးရရဲ့ B4G (Back For Good) အစီအစဉ်က ဒီဇင်ဘာကုန်မှာ ပြီးတော့မှာမို့မလေးရှားနိုင်ငံမှာ အဖမ်းအဆီး ပိုစိတ်လာပြီး တနှစ်အတွင်း နိုင်ငံခြားသား ၅၀,၀၀၀ နီးပါးကို ဖမ်းဆီး ရမိခဲ့တယ်လို့ ဒီဇင်ဘာလထဲမှာပဲ မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
------------------------------------
(Unicode)
Your browser doesn’t support HTML5