မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ တလအတွင်းမှာ နေရပ်ပြန်သူတွေ များလာ နေကြောင်း မြန်မာသံရုံးက အတည်ပြုပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အတွက် လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် ပြဌာန်းထားတဲ့ ဒဏ်ကြေးသက်သက်သာသာနဲ့ အပြီးသတ် ပြန်နိုင်တဲ့ " Back For Good " (B4G) Program ၊ တနည်းအားဖြင့် ( 6 + 1 ) လို့လည်း ခေါ်တဲ့ အစီအစဉ်ကို စတင်အသက်ဝင်လာတဲ့ ကာလမှာ အခုလို မလေးရှား ရောက် မြန်မာတွေ ကိုယ့်တိုင်းပြည်ကို ပြန်နေကြတာ ဖြစ်ကြောင်း အစုံအလင်ကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ ၅ လအတွင်း ဒဏ်ကြေးသက်သာစွာနဲ့ နေရပ်ရင်းပြန်ကြဖို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး နောက် သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး ဒီအစီအစဉ်ကို ဆောင်ရွက်ခဲ့တာပါ။ အခုအခါမှာတော့ မလေးရှားမှာ တနိုင်ငံလုံး အနှံ့ှံ အဖမ်းဆီးတွေ ကတော့ ရှိနေတာကြောင့် ဒီအစီစဉ်နဲ့ မြန်မာတွေနေရပ်ပြန်နေကြပြီ ဖြစ်တဲ့အကြောင်း့မြန်မာသံရုံး ကိုယ်စားပြုပြီး မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင် က ပြောပါတယ်။
“ ဒဏ်ကြေးများလို့ မပြန်နိုင်သေးတဲ့ သူတွေက အခုအချိန်မှာတော့ ပြန်သွားကြတာလေးတွေ ရှိတယ်။ ဆိုကြပါစို့ ဖမ်းတဲ့ နည်းလမ်းလည်း သုံးတယ်။ ဖမ်းပြီး ပြန်ပို့တယ်။ အခု ဒဏ်ကြေး သက်သက်သာသာနဲ့ သူတို့ ဆောင်ပြီး ပြန်ပို့ခိုင်းတယ်။ ဆိုတော့ တရားမဝင် လူဦးရေ လျော့နည်းသွားလေ သူတို့ အတွက် ပိုပြီးတော့ ဟို ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ နိုင်ငံက တရားမဝင် အလုပ်သမား အရမ်း များလာတာနဲ့ အမျှ သူတို့ နိုင်ငံရဲ့ လုံခြုံရေးက စိတ်ချရမှု အားနည်းလာတယ်။ အဲဒါကိုဘဲ သူတို့က အဓိက ထားပြီး ဆောင်ရွက်တာ ဖြစ်တဲ့ အတွက် ဖမ်းတာ ဆီးတာလည်း အခု လုပ်မြဲ လုပ်နေတုန်းဘဲ။ အဲတော့ လူတွေက အဖမ်းအဆီး ရှိရင် ကြောက်ပြီး ပြန်ကြမှာဘဲ။
အဖမ်းအဆီးကတော့ ဒီ ဒီဇင်ဘာ အထိကိုလည်း ဖမ်းနေဦးမှာဘဲ။ ဒီဇင်ဘာ ကျော်သွားရင်လည်း ဖမ်းနေဦးမှာဘဲ။ အခု ဒဏ်ကြေး သက်သက်သာသာနဲ့ ပြန်ခွင့်ရလို့ ပြန်မယ်ဆိုရင်လည်း သူတို့က ဒီ Overstay ကလည်း သူ့ဘာသာသူ လျော့နည်းသွားမှာဘဲလေ။ ဖမ်းတာထက်စာရင် ဒဏ်ကြေးပေးပြန်တယ် ဆိုရင် သူတို့ အတွက်လည်း အစိုးရ အတွက်က ဘတ်ဂျက် တခုလည်း ရတယ်။ လူဦးရေလည်း လျော့သွားတာပေါ့နော်။ ဖမ်းတာကျတော့ သူတို့ဘက်က ဆုံးရှုံးမှုလည်း များတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလူကို ဖမ်းလိုက်ပြီ ဆိုရင် သူတို့ ကျွေးတာ မွေးတာတွေ နေဖို့ ထိုင်ဖို့တွေ စီစဉ်ပေးရတယ်။ ဒါမျိုးတွေကစ ရှိနေတဲ့ အခါကျတော့ ဖမ်းတာဆီးတာကိုတော့ သူတို့ သိပ် အာသီသ မရှိဘူး။ ဒီလိုမျိုး ဒဏ်ကြေးနဲ့ များများစားစား ပြန်တဲ့ ဟာကိုဘဲ သူတို့က လိုလားတယ်။ ”
တရားမဝင် နေထိုင်နေသူတွေ အနေနဲ့ (Back For Good ) လို့ခေါ်တဲ့ မိခင်နိုင်ငံကို အပြီးသတ် ပြန်နိုင်တဲ့ အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး ဒဏ်ကြေးက မလေးရှားငွေ Ringgit ၆၀၀ ၊ Secial Pass ခွင့်ပြုလက်မှတ်ဖိုးက Ringgit ၁၀၀ နဲ့ စုစုပေါင်း Ringgit ၇၀၀ ဒဏ်ကြေးဆောင်ပြီး နေရပ်ပြန်ရမယ့် အစီစဉ်ကို ဒီနှစ် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ပေးထားတာပါ။
ဒီလိုဒဏ်ကြေး သက်သာစွာ နေရပ်ပြန်ခွင့် အစီစဉ်ကို လွန်ခဲ့တဲ့ တနှစ်ခန့်က လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီလိုအစီစဉ်တွေ မရှိတော့တာကြောင့် နေရပ်ပြန်မဲ့ သူ တွေ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခု အသစ်ထုတ်ပြန်လိုက်တဲ့ အစီစဉ်မှာ ၅ လအတွင်း ဒဏ်ကြေးသက်သာစွာနဲ့ ပြန်ရမဲ့ အစီစဉ်ကြောင့်ရော ဆက်တိုက် ဖမ်းဆီးနေတာ ကြောင့်ပါ နေရပ်ပြန်မဲ့သူတွေ များလာတယ်လို့လည်း ကိုသီဟမောင်မောင်က ဆိုပါတယ်။
မြန်မာ အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားညွန်ကြားမှု ဦးစီးဌာနရဲ့စာရင်းအရ မလေးရှားမှာ တရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပါတယ်။ မလေးရှားကို တခြားနည်းလမ်းတွေနဲ့ တရားမဝင် ရောက်နေသူတွေနဲ့ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာ အလုပ်သမား ၅ သိန်း ထက်မနည်း ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက် တရားမဝင် မြန်မာအလုပ်သမားတွေဟာ သိန်းနဲ့ချီပြီး ရှိနေတာ ဖြစ်ပါတယ်။