ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ တနင်္ဂနွေနေ့ နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ MTV ဥရောပဂီတ ဆုပေးပွဲမှာ ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ် ဆု ၄ ဆု ရရှိသွားပါတယ်။
ဆုအမျိုးအစား ၇ ခုမှာ တစ်ကြိုရွေးခံခဲ့တဲ့ အထဲမှာ တေလာဆွိဖ်က အကောင်းဆုံးအဆိုတော်ဆု၊ Post Malone နဲ့ အတူတူဖန်တီးတဲ့ "Fortnight" သီချင်းအတွက် အကောင်းဆုံးဗီဒီယိုဆု၊ အကောင်းဆုံးစင်မြင့်ဖျော်ဖြေမှုဆု၊ အကောင်းဆုံးအမေရိကန်အဆိုတော်ဆုတွေ ရရှိခဲ့ပါတယ်။ သူက လောလောဆယ် မြောက်အမေရိကတိုက်တခွင် Eras ဖျော်ဖြေရေးခရီးစဉ်ထွက်နေတာဖြစ်ပြီး ဆုလက်ခံကျေးဇူးတင်စကားကိုတော့ ဗီဒီယိုကတဆင့်သတင်းစကားပါးပြီး ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
"ဒီနှစ်ထဲမှာ ကျွန်မရဲ့ ဖျော်ဖြေပွဲခရီးစဉ်တွေ၊ အယ်လ်ဘမ်သစ်နဲ့ ဗီဒီယိုအတွက် အခုလို အသိအမှတ်ပြုပေးတာ အထူးအံ့ဩရပါတယ်” လို့ ဧပြီလမှာ "The Tortured Poets Department" တေးအယ်လ်ဘမ်သစ် ထွက်ထားတဲ့ တေလာဆွိဖ်က ပြောပါတယ်။
သူ့နောက်မှာတော့ တောင်အာဖရိကအဆိုတော် တိုင်လာက အကောင်းဆုံး Afrobeats အာဖရိက တေးသံဆု ၊ အကောင်းဆုံး R&B နဲ့ အကောင်းဆုံး အာဖရိကအဆိုတော်ဆု ဒီဆု ၃ ဆု ရရှိသွားပါတယ်။
တခြားဆုရရှိသူတွေထဲမှာတော့ Sabrina Carpenter ဆာဘရီနာ ကာပင်တာက လူကြိုက်များနေတဲ့ "Espresso" သီချင်းအတွက် အကောင်းဆုံးတေးသီချင်းဆု ရရှိသွားတာပါ။
မက္ကဆီကိုအဆိုတော် Peso Pluma က အကောင်းဆုံးလက်တင်အဆိုတော်ဆု၊ ဗြိတိသျှနာမည်ကျော် ရော့ခ်အဆိုတော်လည်းဖြစ် မန်ချက်စတာမြို့ဇာတိလည်းဖြစ်တဲ့ Liam Gallagher က အကောင်းဆုံးရော့ခ်အဆိုတော်ဆု၊ အမေရိကန်အဆိုတော် Benson Boone က မျိုးဆက်သစ်အကောင်းဆုံးအဆိုရှင်ဆုတွေ အသီးသီး ရသွားကြပါတယ်။
ဆုပေးပွဲမှာ သူ့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ ဖျော်ဖြေသွားတဲ့ အမေရိကန် ရက်ပ်အဆိုတော် Busta Rhymes ကလည်း ကမ္ဘာ့အိုင်ကွန်ဆုရရှိသွားပြီး ဗြိတိသျှအီလက်ထရိုပေါ့ ၂ ဦးတွဲအဖွဲ့ Pet Shop Boys က ပေါ့ပိုင်အိုးနီးယားဆုကို ရရှိသွားပါတယ်။ ဆုချီးမြှင့်ပွဲကိုလည်း သူတို့ပဲ အပြီးသတ် အပိတ်ဖျော်ဖြေပေးသွားပါတယ်။ ဒီဆုပေးပွဲကို မနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပဖို့ရှိပေမဲ့ အစ္စရေးစစ်တပ်နဲ့ ဟားမားစ်တပ်ဖွဲ့တို့ ဂါဇာစစ်ပွဲ ထဖြစ်လာလို့ ဖျက်လိုက်ရတာပါ။
ဒီဆုပေးပွဲက နှစ်တိုင်း မြို့တမြို့စီ ပြောင်းပြီး ကျင်းပတတ်တာဖြစ်ပြီး ဒီနှစ်ပွဲကတော့ MTV မန်ချက်စတာမြို့က အသစ်ဖွင့်လှစ်ထားတဲ့ Co-Op Live ခန်းမမှာ ကျင်းပခဲ့ပါတယ်။