ကက်သလစ်ခရစ်ယာန်အများစု နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မွတ်စလင်လက်နက်ကိုင်တွေဟာ ခွဲထွက်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် သီးခြားလွတ်လပ်တဲ့ နိုင်ငံခြားစောင့်ကြည့်အဖွဲ့ဆီမှာ စနေနေ့ကစပြီး သူတို့လက်နက်တွေ လာရောက် အပ်နှံနေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အခုထိဆို လူပေါင်း တသိန်းခွဲလောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ ဖိလစ်ပိုင်တောင်ပိုင်းမှာ MILF မိုရိုသူပုန် တထောင်ကျော်က စနေနေ့ တရက်တည်းမှာတင် သေနတ်အလက် ၉၄၀ ကို လာရောက်အပ်နှံခဲ့ကြတာပါ။ လာမယ့်နှစ်တွေအတွင်း တပ်သားပေါင်း ၄ သောင်းလောက် ရှိလာတော့မယ်လို့ ပြောတဲ့ သူတို့အဖွဲ့ဟာ ဖိလစ်ပိုင်က အကြီးဆုံး သူပုန်အဖွဲ့ဖြစ်တဲ့ မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး လက်နက်ကိုင်အဖွဲ့အဖြစ်ကနေ အနားယူပြီး သမားရိုးကျ နိုင်ငံရေးပါတီ အသွင်ပြောင်းတော့မှာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုအန္တရာယ်ကို နေ့စဉ်လိုလို ကြုံနေရတဲ့ ဒီဒေသမှာ အခုလို လက်နက်ချမှုရဲ့ အကျိုးကို ခံစားရဖို့ကတော့ ချက်ချင်းသိသာမှာ မဟုတ်သေးပါဘူး။
လက်နက်ချပွဲ ကျင်းပတဲ့ အခမ်းအနားကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မတက်ရောက်ခင် နာရီပိုင်းအလိုမှာပဲ အခမ်းအနား ကျင်းပရာနဲ့ သိပ်မဝေးလှတဲ့ Isulan မြို့ ဈေးနားမှာ မော်တော်ဆိုင်ကယ်မှာ ထောင်ထားတဲ့ဗုံး ပေါက်ကွဲခဲ့တာပါ။ လူ ၈ ဦး ဒဏ်ရာရခဲ့တဲ့ ဒီတိုက်ခိုက်မှုကို အိုင်အက်စ် အစွန်းရောက်အဖွဲ့က သူတို့လုပ်ဆောင်တာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Your browser doesn’t support HTML5