NLD ပါတီက အဆိုတင်သွင်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အောင်မြင်ဖို့အရေးမှာ တပ်မတော်က အဓိကကျနေပြီး၊ ဖွဲ့စည်းပုံပြင်ရေး တောင်းဆိုနေကြတဲ့ တိုင်းရင်းသားနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို တပ်မတော်က ဘယ်လောက်အထိ လိုက်လျောလာ မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ဥပဒေပညာရှင်တချို့နဲ့ ပြည်ပအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်တချို့က မေးခွန်းထုတ်လိုက် ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းရေးအဆိုကို NLD ပါတီက ဇန်နဝါရီ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ ပူးပေါင်းကော်မတီဖွဲ့ပြီး NLD ပါတီကိုယ်စားလှယ်တွေက လွှတ်တော်မှာ ဘယ်လိုဆက်လုပ် သွားမလဲ ဆိုတဲ့ကိစ္စကို အများက စိတ်ဝင်စားနေကြပါတယ်။
NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်း အခုလို ကြိုးပမ်းလာတာဟာ တိုင်းရင်းသားဒေသဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ အလေးထား စဉ်းစားလာတဲ့သဘောဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
" ဒေါက်တာ မြတ်ညဏစိုး ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ နောက် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အထဲမှာလည်း ပါတယ်။ တိုင်းရင်းသား ဒေသတွေနဲ့ ပတ်သက်လို့ ရှိရင် ဒီပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မပြင်မဖြစ် ပြင်ရမယ့် ကိစ္စမျိုး ဖြစ်လာတယ်။ ဒါကြောင့် ဒီအဆိုကို တင်သွင်းတာလို့ ပြောထားတာ ဖြစ်တဲ့ အတွက် အခု ဥပမာ ဆိုလို့ ရှိရင် ကျနော်တို့ ရခိုင်ဒေသဆိုလို့ ရှိရင် ရခိုင်အမျိုးသား ပါတီက အများစု အနိုင်ရတယ်။ ဒါပေမယ့် NLD ပါတီက ဝန်ကြီးချုပ် ဖြစ်နေတဲ့ အခါမှာ သဟဇာတ မဖြစ်ဘဲ ကွဲလွဲနေတဲ့ ကိစ္စရပ်တွေ ရှိတယ်။ အဲတော့ အဲဒီလိုမျိုးတွေ မဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်လိုတွေ ပြင်မလဲ ဆိုတာက အရေးကြီးလာတယ်။ အဲဒါကြောင့် ကျနော်တို့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးက အခု အရေးပါတဲ့ ခြေလှမ်းတရပ် အဖြစ် စတင်ပြီးတော့ ဖြစ်လာတာပေါ့။ "
တပ်မတော်သားကိုယ်စားလှယ်တွေ သဘောမတူရင် လွှတ်တော်တွင်း ပြင်ဆင်ရခက်ခဲအောင်လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်က အဓိကကျပြီး ဘယ်လောက်အထိ လိုက်လျောလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က မြင်ပါတယ်။
" ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဆိုတာ ကျနော်တို့ NLD ရဲ့ ကတိသစ္စာ တခုဖြစ်တယ်။ သူပြင်ဆင်မယ် သူကြိုးစားမယ်လို့ သူက တိုင်းပြည်အားလုံးကို ကတိပြုပြီးမှ ရွေးကောက်ပွဲခံခဲ့တယ်။ အခုလည်း သူနိုင်သွားပြီ။ အခုလည်း သူပြင်ဆင်မယ်လို့ စလုပ်တာ ကောင်းပါတယ်။ ဒါ လုပ်သင့် လုပ်ထိုက်တဲ့ အရာတခု ဖြစ်တယ်။ အရေးလည်း ကြီးတယ်။ ဒါပေမယ့် အခု သုံးနှစ် ပြီးမှ ၂ နှစ်ဘဲ ကျန်တော့တယ်။ အခုမှ စလုပ်တယ်ဆိုတော့ နည်းနည်း နောက်ကျသွားမလားဆိုတာဘဲ ရှိတယ်။ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဆိုတာ အခန်း ၁၂ ထဲမှာ ပြောထားတဲ့ အတိုင်း ဆိုလို့ ရှိရင်တော့ ၇၅ ရာခိုင်နှုန်း ရမှ ဆိုတော့ ပြင်ဆင်ဖို့ရန် အတွက် အရမ်း ခက်ခဲတယ်။ ဆိုတော့ တပ်မတော်ကို စည်းရုံးရလိမ့်မယ်။ တပ်မတော်ကနေ သဘောတူမှ ဖြစ်နိုင်တယ်၊ ပြင်နိုင်တယ်လို့ ကျနော် မြင်တယ်။ "
ဖွဲ့စည်းပုံပြင်ရေးမှာ NLD ပါတီက တပ်မတော်သားကိုယ်စားလှယ်တွေကို ဘယ်လောက်ထိ စည်းရုံးနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
" ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာတော့ တပ်မတော်ကလည်း အဓိက ကျတယ်။ ဒါကြောင့်လည်းဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့တဲ့ အခါမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါနိုင်အောင် တခါတည်း လုပ်ပါလို့ အဆိုတင်ပြီးတော့ ဒါကို လုပ်လိုက်တာ ဖြစ်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ တပ်မတော်ဘက်က ဘယ်လောက်ထိ လိုက်လျော နိုင်မလဲပေါ့။ ဒီတိုင်းရင်းသားတွေနဲ့ စေ့စပ်ဆွေးနွေးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ တပ်မတော်ရဲ့ သဘောထား အမှန်က ဘာတွေ ဖြစ်လာမလဲ အဲဒီတော့ ကျနော်တို့ သိရမှာပေါ့။ "
၂၀၀၈ ဖွဲ့စည်းပုံဥပဒေထဲမှာ တပ်မတော်နဲ့ ထိပ်တိုက်မဖြစ်နိုင်တဲ့ အချက်တွေကို တဖြည်းဖြည်းချင်း ပြင်ဖို့ချဉ်းကပ်မယ်ဆိုရင် ပြင်ဆင်ရေး လမ်းပွင့်သွားနိုင်တယ်လို့ ပြောသူက ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ ဦးဂွန်ဆမ်ဖြစ်ပါတယ်။
" လက်ရှိ အခြေခံ ဥပဒေကတော့ လုံး၀ ဒီမိုကရေစီ စံနှုန်းနဲ့ရော မကိုက်ညီဘူး။ နောက် ဖယ်ဒရယ်မူနဲ့ ရော ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ၂၀၀၈ အခြေခံ ဥပဒေကို အသစ်ပြန်ရေးတာ၊ ပြင်ဆင်ပြောင်းလဲတာ လုပ်တာ အကောင်းဆုံးပေါ့။ နောက်ကျတယ်လို့ မြင်တယ်။ ဟိုးအရင်ကတည်းက နိုင်တာ ကတည်းက လုပ်ဖို့ ကျနော်တို့ မျှော်မှန်းခဲ့တာပေါ့။ တချို့ အဓိက အစိုးရကနေ လုပ်လို့ရတဲ့ ကဏ္ဍတွေ ရှိတယ်။ စစ်တပ်နဲ့ရော ထိပ်တိုက် မဟုတ်တဲ့ဟာတွေ အများကြီး ရှိတယ်။ အဲဒါတွေ အရင် ပြင်သင့်တယ်လို့ မြင်ပါတယ်။ "
NLD အစိုးရတက်လာပြီးပြီးချင်း နိုင်ငံတော်အတိုင်ပင်ခင်ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို လွှွတ်တော်တွင်းမှာ ဖန်တီးနိုင်ခဲ့တာကြောင့် ဒီတခါမှာလည်း ဖွဲ့စည်းပုံထဲက ဘယ်လို ပျော့ကွက် ဟာကွက်တွေကို NLD ဘက်က အသုံးပြုမလဲဆိုတဲ့အပေါ် အများက စိတ်ဝင်စားနေကြကြောင်းပါ။
Your browser doesn’t support HTML5