မြန်မာအဂတိလိုက်စားမှု အရေးယူဖို့ အကန့်အသတ်တွေရှိနေ

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ UNODC တို့ ပူးတွဲကျင်းပတဲ့ ၂ ရက်ကြာ စာတမ်းဖတ်ပွဲ (Credit - ACCM myanmar)

အဂတိလိုက်စားမှုတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းချပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်ကနေ ၂၃ ရက်နေ့အထိ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ UNODC တို့ ပူးတွဲကျင်းပတဲ့ ၂ ရက်ကြာ စာတမ်းဖတ်ပွဲ နောက်ဆုံးနေ့မှာ အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရန်ကုန်မြို့ Park Royal Hotel မှာ "အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့် သိက္ခာမြှင့်တင်စို့ " တဲ့ ခေါင်းစဉ်နဲ့ တတ်သိ ပညာရှင်တွေ လုပ်ငန်းခွင်အသီးသီးက အတွေ့အကြုံရှိသူတွေ စုပေါင်းပြီး ၂ ရက်ကြာ စာတန်းဖတ်ပွဲ ကျင်းပ ခဲ့ကြတာပါ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကတော့ ဒီကိစ္စအောင်မြင်ရေးအတွက် စီမံကိန်းတွေ အသေးစိတ်ရေးဆွဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဦးအောင်ကြည် ။ ။ ပြောရမယ်ဆိုရင် ပြည်သူလူထုက ဖြစ်စေချင်တာပေါ့နော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်တာပေါ့နော်။ ဒီဟာလည်း သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်လာပြီဆိုရင် လူထုတောင်းဆိုမှုကိုလည်း ကျနော်တို့ ဖြည့်ဆည်းပေးရမယ့် တာဝန်ဝတ္တရားရှိတယ်။ တဖက်မှာလည်း ပဋိပက္ခတွေ ဖြေရှင်းပေးနေရတဲ့အပိုင်းတွေ ရှိသလို တဖက်မှာလည်း institution ပြောင်းလဲမှုတွေ လုပ်နေရတဲ့ အပိုင်းတွေလည်း ရှိတယ်။ နောက် ၃ နှစ်တာကာလအတွင်းမှာ ဆောင်ရွက်သွားမယ့် Mid-term Strategy လေးပေါ့ အဲဒါလေးကတော့ ကျနော်တို့ ဆွဲနေတုန်းပဲ ရှိသေးတယ်။ ပြီးရင် ကျနော်တို့က နောက် ၈ နှစ်မှန်းတယ်။နောက် ၈ နှစ်တာကာလအတွင်းမှာ အဂတိလိုက်စားမှုက တော်တော်လေးကို သိသိသာသာနဲ့ပေါ့နော် တခြားနိုင်ငံတွေနဲ့ တန်းတူအဆင့်အတန်းလောက်အထိရောက်အောင် ကျနော်တို့ မျှော်မှန်းထားပါတယ်။

မေး။ ။ ဆိုတော့ အခုလို ကုလသမဂ္ဂရဲ့ ပါဝင်ဆောင်ရွက်မှုတွေ အားပေးမှုတွေ၊ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်လာတာတွေဟာ မြန်မာအစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘယ်လောက်အထိများ အထောက်အကူပြုပါသလဲခင်ဗျ။

ဦးအောင်ကြည် ။ ။သူတို့ကတော့ အဓိကအားဖြင့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီ များပါတယ်။ ကျနော်တို့ဘက်ကတော့ ကိုယ့်ဟာကိုယ်လုပ်ရမယ့်အပိုင်းပေါ့နော် ။ ကိုယ့်ဟာကိုယ်လုပ်ရမယ်ဆိုတော့ ကျနော်တို့မှာ အရေးကြီးတာက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စကို တတိုင်းတပြည်လုံးကနေပြီးတော့ ဒါဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ တာဝန်ယူမှုပေါ့လေ Social Accountability ဖြစ်လာစေချင်တာပေါ့။

မေး။ ။ ဒီဟာဥပဒေတွေချမှတ်ပြီး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီးရင် တကယ်လက်တွေ့ အဂတိလိုက်စားမှုကျူးလွှန်သူတွေကို အပြစ်ပေးအရေးယူမှုကရော တကယ်လက်တွေ့ပါလာပါမလားဆိုတာ ဘယ်လိုလုပ်မလဲဆိုတာ သိချင်ပါတယ်။

ဦးအောင်ကြည် ။ ။ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင်တော့ ကျနော်တို့လက်ရှိ တည်ဆဲဥပဒေ အနေအထားအရ ဘယ်လို Big Fish ကိုရစရာ တွေ့စရာအကြောင်းမရှိပါဘူး။ ဒီလိုကန့်သတ်ချက် တွေကအများကြီးရှိပါတယ် တကယ်တမ်းလက်တွေ့လုပ်မယ်ဆိုရင် ။ ကျနော်တို့က အသေးအဖွဲလာဒ်ပေး လာဒ်ယူ ကိစ္စမျိုးလောက်ပဲ ကိုင်တွယ်နိုင်မယ့်အနေအထားမျိုးရှိပါမယ်။ ဒါပေမယ့်လည်း ကျနော်တို့ရဲ့ ခုနတုန်းက ကျနော်ပြောခဲ့တဲ့ ၂၀၁၈ Action Plan ထဲမှာ ကျနော်တို့ ပေါ်လစီမူဘောင်တွေ ၊ နောက် ဒီ Legislation နဲ့ ပတ်သက်တဲ့ ကိစ္စတွေမူဘောင်တွေပေါ့ ဒါတွေဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ အချက်၁ ချက်ပါတယ် အဲဒါသိပ်အရေးကြီးတယ်။”

အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးအောင်ကြည်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဦးဆောင်ဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။ ၄ ကြိမ်မြောက် ပြင်ဆင်ရေးဆွဲထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ အများပြည်သူ သိရှိလေ့လာနိုင်ရေးအတွက် ဦးအောင်ကြည်ဦးဆောင်တဲ့ ကော်မရှင်က ပြီးခဲတဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှု

Your browser doesn’t support HTML5

မြန်မာအဂတိလိုက်စားမှု အရေးယူဖို့ အကန့်အသတ်တွေရှိနေ