မြန်မာ့အရေး အာဆီယံကို ကန်နဲ့တရုတ်ကူညီဖို့ စင်္ကာပူဝန်ကြီးချုပ်ပန်ကြား

၁၂ ကြိမ်မြောက် အာဆီယံ-အမေရိကန်ညီလာခံတက်လာတဲ့ စင်ကာပူဝန်ကြီးချုပ် Lawrence Wong (အောက်တိုဘာ ၁၁၊ ၂၀၂၄)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ အာဆီယံက ကြိုးပမ်းနေချိန်မှာ အမေရိကန်နဲ့ တရုတ်လို အာဆီယံရဲ့ မိတ်ဆွေတွေ က မြန်မာအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေရာမှာ အကူညီပေးကြဖို့ စင်္ကာပူ ဝန်ကြီးချုပ် Lawrence Wong က ပန်ကြားလိုက်ပါတယ်။

အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေတက်ဖို့ လာအိုနိုင်ငံ ဗီယင်ကျန်းကိုသွားခဲ့တဲ့ စင်္ကာပူဝန်ကြီးချုပ် က စနေနေ့ စင်္ကာပူမပြန်ခင် သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ၃ နှစ် ကျော်လာတဲ့ အခုချိန်အထိ အာဏာသိမ်းစစ်တပ်ကို တော်လှန်သူတွေနဲ့စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေဆဲဖြစ်ပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာပါ။ မြန်မာ့ပဋိပက္ခဟာ ဒေသတွင်းတည်ငြိမ်ရေးကိုပါ သက်ရောက်မှုရှိလာတာကြောင့် ခုကျင်းပခဲ့တဲ့ အာဆီယံအစည်းဝေးတွေ အတွင်း မြန်မာ့အရေးဟာ ထိပ်တန်း ဦးစားပေးဆွေးနွေးတဲ့ အကြောင်းရာ ၂ ခုထဲက တခု ဖြစ်ခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အာဆီယံက ချထားတာဖြစ်ပေမယ့် တိုးတက်မှု တစုံတရာမရဘဲ ဖြစ်နေတာပါ။ စင်္ကာပူဝန်ကြီးချုပ် Wong ကတော့ အာဆီယံအနေနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်နေတာ ဖြစ်ပေမယ့် မြန်မာ့အရေးလို တချို့ ကိစ္စရပ်တွေဟာ ကာလတာရှည် ဖြစ်ပွါးတဲ့ ပြဿနာမျိုး ဖြစ်ပြီး ဒါမျိုးကို တိုက်ရိုက်တန်း-ဖြေရှင်းလို့ မရတဲ့အတွက် အချိန်ပေးရမယ် ဆိုတဲ့ အမှန်တရားကို လက်ခံကြဖို့ ပြောပါတယ်။

ဒီလိုပြောတဲ့အတွက် အာဆီယံက လက်လျှော့ပြီး ဘာမှမလုပ်ဘဲနေတာမျိုး မဟုတ်ဘဲ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ၊ ထိတွေ့ ဆက်ဆံမှုတွေ ဖြစ်လာအောင် ဆက်ကြိုးစားရမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့အဖြေထုတ်နိုင်ဖို့ အာဆီယံက လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ ဒီလို ကြိုးပမ်းမှုကို အာဆီယံရဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်လို နိုင်ငံတွေကပါဝင်ပြီး မြန်မာအတွက် အကောင်းဆုံးနည်းလမ်းကို ရှာပေးကြဖို့လည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့အရေး အာဆီယံနိုင်ငံတွေရဲ့ အလွတ်သဘောဆွေးနွေးမှုကို ဒီဇင်ဘာလထဲမှာ ထိုင်းက ကမကထလုပ်ကျင်းပဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး ဒါဟာ မြန်မာအတွက်ချထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်ထည်ဖေါ်အရေးအတွက် အထောက်ကူဖြစ်နိုင်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံကို ကန်နဲ့တရုတ်ကူညီဖို့ စင်္ကာပူဝန်ကြီးချုပ်ပန်ကြား