ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာနဲ့ ကမ္ဘောဒီးယား သဘောတူလက်မှတ်ရေးထိုး

ရှေးဟောင်းမြို့တော် ပုံဂံ -သတင်းဓာတ်ပုံ (D. Schearf/VOA)

ရှေးဟောင်း ဘုရား စေတီတွေရှိတဲ့ ပုဂံမြို့နဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ခံထားရတဲ့ အန်ကောဝပ်ဘုရားကျောင်းကြီးရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့တို့ကို တိုက်ရိုက်လေကြောင်းခရီးစဉ်ပြေးဆွဲဖို့ အပါအဝင် ၂ နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်စေမယ့် အစီအစဉ်တွေကို မြန်မာနဲ့ ကမ္ဘောဒီယားကြားမှာ သဘောတူလိုက်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်ထားနိုင်တဲ့ ပုဂံနဲ့ ဆီရမ်ရိ(ပ်) မြို့ကြား တိုက်ရိုက်လေယာဉ် ခရီးစဉ်တွေ ရှိလာမယ်ဆိုရင် နိုင်ငံခြား ခရီးသွား ဧည့်သည် အဆများစွာ တိုးလာမယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီယားနိုင်ငံကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ အကောင်အထည်ဖော်ရေး သဘောတူစာချုပ်ကို ၂ နိုင်ငံကြား နိုဝင်ဘာ ၂၃ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီထဲမှာ ပုဂံမြို့နဲ့ ဆီရမ်ရိ(ပ်) မြို့တို့ကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်တွေ စတင်ပျံသန်းမယ့် အစီအစဉ်လည်းပါဝင်ပါတယ်။

ရှေးဟောင်း ဘုရားတွေရှိတဲ့ ပုဂံမြို့ဆီကို နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်တွေ လာကြသလို ဆီရမ်ရိ(ပ်) မြို့ရဲ့ ၄ မိုင်လောက်မှာရှိတဲ့ အန်ကောဝပ်ရှေးဟောင်း ဘုရားကျောင်းကြီးဟာလည်း ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးက ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်ခံထားရတာပါ။

အခုလိုကမ္ဘာလှည့် ခရီးသည်တွေအသွားများတဲ့ နေရာ ၂ ခုကို တိုက်ရိုက်လေယာဉ် ခရီးစဉ်တွေပျံသန်းပြီး ချိတ်ဆက်ဖို့ဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းကပြောပါတယ်။

"ဆီရမ်ရိ(ပ်) နဲ့ပုဂံကတော့ အကုန်လုံးကတော့ Culture Sites တွေပဲပေါ့နော် ဆိုတဲ့အခါကျတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာလည်တဲ့အချိန်မှာ ပုဂံလည်း ရောက်သွားတယ်လေ ဆိုတော့ ပုဂံနဲ့ဆီရမ်ရိပ်က Culture Sites တွေလည်းဖြစ်တယ် နောက် ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ကမ္ဘောဒီးယားကို ငါးသန်းလောက် လာနေကြတဲ့အချိန်မှာ မြန်မာပြည်ဘက်ကိုလည်း ဆက်ပြီး လာမယ်ဆိုရင် မြန်မာနိုင်ငံအတွက်လည်း တက်မယ်ဆိုပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု လုပ်မယ်ဆိုပြီးတော့ တိုက်ရိုက်လေကြောင်းလိုင်းပြေးဖို့ ပထမစီစဉ်တယ်။ ဒါက ပထမအဆင့်ပေါ့ နောက်တခါကျတော့ ကျမတို့ လေကြောင်းလိုင်းပြေးဆွဲမယ်ဆိုရင် ဟိုဘက်က ဧည့်သည်တွေ ဒီလာမယ် နောက် မြန်မာပြည်က ထွက်မယ့် တခြားဆက်သွားမယ့်သူ Third Party တွေအတွက်လည်း အခြေအနေကောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ကျမတို့က ဘန်ကောက်ကို Transit လုပ်သွားနေရတော့ အချိန်လည်း ကြာတယ် Costs လည်းများတယ်ပေါ့ အဲ့တာကြောင့်မို့လို့ နှစ်နိုင်ငံကြားကို တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲဖို့ ကျမတို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။"

၉ ရာစုကနေ ၁၅ ရာစုအထိ ခမာအင်ပါယာထွန်းကားခဲ့စဉ်ကာလက ရှေးဟောင်း လက်ရာတွေ ကျန်ရှိတဲ့ ဆီရမ်(ပ်)ဆီကို နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် သန်းချီရှိပါတယ်။ ဆီရမ်ရိ(ပ်)ဆီ လာရောက်ကြတဲ့ ခရီးသွားတွေအနေနဲ့ ဆီရမ်ရီ(ပ်)ကနေ ပုဂံဒေသကို တိုက်ရိုက်လာနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက်လည်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုး ကပြောပါတယ်။

" အဲ့ဒီ့တော့ ပုဂံကိုပါ ထပ်ထည့်ပေါင်းမယ်ဆိုရင် လာမယ့်နှစ်မှာ နှစ်သန်းလောက် ပုဂံကိုလည်း International Airport အနေနဲ့ခွင့်ပြုထားပြီ ဆောင်ရွက်နေပြီဆိုတော့လေ ဒါ ကျနော်တို့ အများကြီးတိုးတက်မှာပါ။"

ပုဂံ နဲ့ ဆီရမ်ရိ(ပ်)တိုက်ရိုက်ခရီးစဉ်ကိုတော့ ၂၀၁၈ ဧပြီလလောက်မှာသစတင်ပြေးဆွဲမှာဖို့ ရည်ရွယ်ထားပြီး လေယာဉ်ပြေးဆွဲမယ့်အချိန်တွေတော့ အတိအကျမသတ်မှတ်ရသေးဖူးလို့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း ကပြောပါတယ်။

" ဆိုတော့ ပုဂံ နဲ့ ဆီရမ်ရိ(ပ်) ကြားမှာ ဒီလိုမျိုး တိုက်ရိုက် လေယာဉ်တွေ ဆွဲတယ်ဆိုရင် ပထမအဆင့်တော့ ကျမတို့က Regular Charter Flight လောက် အဆင့်ပဲရှိဦးမယ်ရှင့်။ နည်းနည်းတော့ အချိန်စောင့်ရဦးမှာပေါ့နော်။ Regular Charter Flight ဆိုတာကတော့ တိုးအော်ပရေတာတွေကနေပြီးတော့မှ ဧည့်သည်တွေရှိမယ်ဆိုရင် ကျမတို့က Charter ဆွဲပေးမယ်ဆိုတဲ့ အဆင့်ကို ကျမတို့ အရင်ဆုံး စလုပ်ပါဦးမယ်။"

ပုဂံဒေသကို ပြင်ပခရီးသည်လာရောက်လာပတ်မှုဟာဆိုရင် မနှစ်ကထက်ပိုပီးတော့ ၁၃ရာခိုင်နှုန်း ပိုတိုးလာတယ်လို့လည်း ဒေါ်ခင်သန်းဝင်းကပြောပါတယ်။ ၁၁ ရာစုလောက် ထဲက ရှေးဟောင်းလက်ရာတွေရှိတဲ့ ပုဂံဒေသကို ကုလသမဂ္ဂ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် အစိုးရကကြိုးစားနေပါတယ်။

Your browser doesn’t support HTML5

ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာနဲ့ ကမ္ဘောဒီးယား သဘောတူလက်မှတ်ရေးထိုး