ချင်းပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှု အခြေအနေ

ပလက်ဝ palatwa

ချင်းပြည်နယ်နေရာတော်တော်များများမှာ စစ်တပ်ဘက်က သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ မြို့ရဲ့ နေရာအချို့မှာသာ ကောက်ယူနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းသူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတာတွေရှိနေပါတယ်။ ချင်းပြည်နယ်ရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေတွေကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီက ၂ ပတ်တာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေချိန် ချင်းပြည်နယ်မြို့ ၉ မြို့မှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ပေါ်နေရာအချို့မှာသာ သန်းခေါင်စာရင်းကောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့ပေါ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတာတွေရှိပေမယ့် စစ်ဘေးရှောင်တွေ များပြားတဲ့အတွက် စစ်ကောင်စီဝန်ထမ်းတွေရှိတဲ့ နေရာအချို့မှာသာ ကောက်ယူနိုင်တယ်လို့ CNO/CNDF ပြောရေးဆိုခွင့်သူ ဆလိုင်းတင်မီက အခုလို ပြောပါတယ်။

"ကျနော်တို့ ဖလမ်းက ရပ်ကွက် ၈ ကွက်ရှိတယ်။ ရပ်ကွက် ၈ ကွက်မှာ ၄ ကွက်က မြို့ရဲ့အစွန်မှာ ရှိတော့ အဲ့နေရာတွေမှာဆိုရင် လုံး၀ကောက်ယူနိုင်ခြင်းမရှိတဲ့အခြေအနေမှာ ရှိတယ်။ မြို့တွင်းထဲမှာ ရှိတဲ့ ၄ ရပ်ကွက်ကိုတော့ နေရာကွက်ကျားကောက်တဲ့ဟာ ရှိတယ်။ နေရာတိုင်းလည်း ကောက်လို့ မရဘူး။ ဖလမ်းပြည်သူတွေ စစ်ရှောင်တဲ့သူတွေက ပိုများတော့ ကျနော်တို့သိသလောက် အစိုးရ ဝန်ထမ်းအိမ်ယာက CDM မလုပ်တဲ့သူတွေ၊ အိမ်တွေဘာတွေလောက်ပဲ ကောက်တာပါ။ ပြည်သူတွေ အားလုံးကို မကောက်ပါဘူး။ သူတို့ အမည်ခံရုံသက်သက်ပဲ လုပ်တာပါ။"

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ကန့်ကွက်ပြီး ပြည်သူလူထုတွေအနေနဲ့ မပူးပေါင်းဘဲ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ချင်းညီနောင်အဖွဲ့ကလည်း စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်အဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့ ၆ မြို့ဖြစ်တဲ့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တို့မှာ သန်းခေါင်စာရင်းကောက်ယူတာရှိပေမယ့် စစ်ကောင်စီနဲ့ပူးပေါင်းသူတွေကို အရေးယူဆောင်ရွက်တာတွေရှိခဲ့သလို ဆက်လက် အရေးယူသွားမယ်လို့လည်း ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

လူဦးရေ အနည်းငယ်ကိုသာ ကောက်ယူနိုင်တာဖြစ်လို့ ကောက်ယူတဲ့အချက်အလက်တွေဟာ မှားယွင်းတာတွေသာဖြစ်မယ်လို့လည်း ချင်းညီနောင်အဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင်ဆလိုင်းဘွေအုပ်က အခုလို ပြောပါတယ်။

"ကျနော်တို့ မတူပီနဲ့အနီးဆုံး ပလက်ဝဆိုရင်လည်း ချင်ပြည်နယ်မှာ လူဦးရေအများဆုံးမှာပါတယ်ပေါ့။ ပလက်ဝမှာက စစ်ကောင်စီလည်း လုံးဝမရှိတော့ဘူး။ ယန္တရားလည်း မလည်ပတ်တော့တဲ့အတွက် ဒီမြို့နယ်ဟာလည်း လုံး၀ကောက်ယူနိုင်တဲ့ အနေအထားမှာ မရှိတော့ဘူး။ ခြံပြီးပြောရရင် ချင်းပြည်နယ်ရဲ့ ဧရိယာသော်လည်းကောင်း၊ လူဦးရေသော်လည်းကောင်း စစ်ကောင်စီက အချက်အလက် ကောက်ယူနိုင်တဲ့ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။ သူတို့ကောက်ခံလိုက်တဲ့ ချင်းပြည်နယ်ရဲ့ အချက်အလက်တွေက ၁၀ ရာခိုင်နှုန်းတောင်မပြည့်တဲ့ အချက်အလက်တွေပဲ ရမယ်ပေါ့လေ။ လုံးဝမှန်ကန်မှုမရှိနိုင်သလို အဓိပ္ပာယ်လည်းရှိမှာမဟုတ်ဘူးပေါ့နော်။ ချင်းညီနောင် လှုပ်ရှားနယ်မြေတွေထဲမှာ သန်းခေါင်စာရင်းတွေ ဆက်လက် ကောက်ယူနေမယ်ဆိုရင် ထုတ်ပြန်ထား တဲ့အတိုင်း အရေးယူခဲ့တာလည်းရှိပြီ၊ ဆက်လက် ပြင်းပြင်းထန်ထန် အရေးယူဖို့ ရှိပါတယ်။ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပေမယ့် မလိုက်နာဘဲနဲ့ ကောက်ခံနေမှုအပေါ်ကို ဖမ်းဆီး ထားတာတွေ ရှိတယ်။ အဲ့ဖမ်းဆီးထားသူတွေကို ကျနော်တို့ ထိန်းသိမ်းထားတဲ့အနေအထား ပေါ့နော်။ အပြစ်ပေး အရေးယူမှု အပိုင်း ဆက်လုပ်ဆောင်ဖို့ ရှိပါတယ်။"

၂၀၁၄ ခုနှစ်က သန်းခေါင်းစာရင်းကောက်ယူနိုင်ပေမယ့်လုံခြုံရေးယူထားတဲ့ စစ်တပ်ကို တိုက်ခိုက်ပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့တွေထိန်းသိမ်းထားတဲ့ မြန်မာ - အိန္ဒိယ နယ်စပ်မှာ ရိဒ်ခေါ်ဒါရ်မှာလည်း စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်တာမရှိဘူးလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"၂၀၁၄ တုန်းက သန်းခေါင်စာရင်း နောက်ဆုံးကောက်တာက ကျနော်တို့ ရိဒ်ခေါ်ဒါရ်မြို့ကို ချင်းလန်း ကောင်စီ ထိန်းချုပ်ထားတယ်ဆိုတော့ CDF ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ပုံမှန်အတိုင်း လည်ပတ်နေတယ်။ ဌာနဆိုင်ရာတွေလည်းမရှိတော့ သန်းခေါင်စာရင်းလည်း ကောက်လို့မရဘူးခင်ဗျ။"

မြန်မာနိုင်ငံမှာ ၁၀ နှစ်တကြိမ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်နေရာအချို့ကလွဲပြီး တနိုင်ငံလုံး ကောက်ယူနိုင်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေက လွဲပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တော်တော်များများမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်တာမရှိပါဘူး။

တိုက်ပွဲပဋိပက္ခဖြစ်နေတဲ့နေရာတွေကိုတော့ အချိန် ၃ လလောက်ယူပြီး လုံခြုံရေး စစ်ကြောင်းတွေနဲ့ ကောက်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကဝန်ကြီး ဦးမြင့်ကြိုင်က သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

စစ်ကောင်စီရဲ့ သန်ခေါင်စာရင်းကောက်ယူမှုအပေါ် မေးမြန်းတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူလူထုကြားမှာ စိုးရိမ်ချက်တွေရှိနေပါတယ်။

Your browser doesn’t support HTML5

ချင်းပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှု အခြေအနေ