၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာ ထောက်ခံပွဲနဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့၊ မြို့တော်ခမ်းမရှေ့မှာ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပါတယ်။ ဒီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံ၊ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ၂ ဘက်စလုံးက ရာနဲ့ချီတဲ့သူတွေ တက်ရောက် ပါဝင်ခဲ့ကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နိုင်ငံရေးပါတီ အသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တင်ပြချက်ပေါင်း ၃,၇၆၅ ချက်ကို တနင်္လာနေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။
ဒါဟာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေ လုပ်ဆောင်နေတဲ့ကြားကဘဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကိုတော့ NLD ပါတီဝင်မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူတွေက ဦးဆောင် ကျင်းပကြတာဖြစ်ပါတယ်။ ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက်ကြောင်း စာတန်းတွေ ရေးထားတဲ့ တီရှပ်အနီရောင်တွေ၊ နဖူးစည်း စာတန်းတွေနဲ့ ခေါင်းစည်းတွေ ပတ်ထားကြပါတယ်။
NLD ပါတီက ဦးဆောင်ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူ ကိုပြည့်ဖြိုးဇော်က သူ့ရဲ့ အမြင်သဘောထားကို အခုလို ပြောပါတယ်။
“ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှှုန်းပါဝင်နေတာကို စပြောချင်တယ် ဘာကြောင့်လဲ ဆိုတော့ တပ်မတော်ဆိုတာက တိုင်းပြည်နဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ရမယ် နောက်တခုကတော့ ပြည်ထဲရေးက တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာရှိနေတယ် ဒါကို ကျနော်တို့က မလိုချင်ဘူး ဘာကြောင့်လဲဆိုတော့ ပြည်ထဲရေးက အစိုးရရဲ့ လက်အောက် မှာ ရှိကိုရှိနေရမယ် ဒါမှ တရားဥပဒေစိုးမိုးမှုအတွက် ဖြစ်နိုင်မယ်။ နောက်တချက်ကတော့ လက်နက်ကိုင်တပ်ဖွဲ့ အဖွဲ့အစည်းတွေအားလုံးခေါင်းဆောင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ရမယ် ဆိုတာက မှားတယ်။ တကယ်တော့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးခေါင်းဆောင်သည် သမ္မတပဲ ဖြစ်ရမယ် ဘာကြောင့်လဲဆိုတော့ သမ္မတက ကျနော်တို့ နိုင်ငံမှာ အကြီးဆုံးဖြစ်နေလို့ပါ။”
အလားတူဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံတဲ့ ကိုကျော်ခိုင်ဝင်းကလည်း ဘာကြောင့် ဖွဲ့စည်းပုံပြင်ဆင်သင့်တယ်ဆိုတဲ့ သူရဲ့ အမြင်သဘောထားကို အခုလို ပြောပါတယ်။
“ဘာကြောင့်လဲဆိုတော့ ၅၉(စ)ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ လုပ်ခွင့်မရအောင် သီးသန့် သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းထားတဲ့ ၅၉(စ)ဆိုပြီးတော့ ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုအဲလိုမျိုး သီးသန့်ကြီး တားထားတယ်။”
ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းကို သတ်မှတ်တဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရေးဆွဲမှာကို ကန့်ကွက်ကြသူတွေကလည်း စင်ပြိုင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ နှစ်ဘက်စလုံးက ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခမ်းမရှေ့မှာ လာရောက်စုဝေးပြီး ဆန္ဒဖော်ထုတ်ကြတာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တဲ့ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူ အမျိုးသားရေးဝါဒီ မဟာကြီးဆိုသူကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။
“အခု အချက်ပေါင်း ၃၇၀၀ ကျော်ကို ရက်ပေါင်းအနည်းငယ်နဲ့ ဆွေးနွေးဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အခြေခံဥပဒေကို ရေးဆွဲခဲ့တာလည်း ၈ နှစ်ကြာခဲ့ပါပြီ။ ၈ နှစ်ကြာတာကို ရက်အပိုင်းအခြားလေး တခုနဲ့ ပြင်ဆင်ဖို့ဆိုတာလည်း သိပ်မသင့်တော်ဘူးလို့ ယူဆပါတယ်။”
အမျိုးသားရေးဝါဒီ နောက်တဦးဖြစ်သူ ဒေါ်ရွေ့ယမင်းဆိုသူ အမျိုးသမီးကတော့ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်လိုက်မှာကို မလိုလားကြောင်း အခုလို ပြောပါတယ်။
"အခု အန်တီတို့နိုင်ငံမှာ ၅၉(စ) ကို ပြင်ပြီးတော့ ဘာသာခြားတွေက လွှတ်တော်ထဲကို ရောက်သွားမယ်။ လွှတ်တော်ထဲမှာ ၅၉(စ) ကို ပြင်လိုက်ပြီဆိုရင် ဒီလွှတ်တော်ထဲရောက်ရင် ဘာသာခြားကနေပြီးတော့ ရွေးချယ် တင်မြှောက်ခွင့်တွေ ဖြစ်သွားမယ်။ သမ္မတ နေရာကိုပါ ယူသွားမယ်ဆိုရင် အန်တီတို့နိုင်ငံက အလိုလို သေနတ်တချက်မဖောက်ပဲနဲ့ အမျိုးဘာသာသာသနာ ကျဆုံးသွားမယ်လို့ အန်တီ့အနေနဲ့ ယူဆပါတယ်ရှင့်။”
NLD ပါတီက ၂၀၁၆ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ တပ်မတော်လက်ထဲကနေ အာဏာကို လွဲပြောင်း ရယူလိုက်နိုင်ပေမယ့်လည်း လက်ရှိမှာ တပ်မတော်နဲ့ အာဏာကို ခွဲဝေအုပ်ချုပ်နေရဆဲ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၆(က) မှာ အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော်ရဲ့ သဘောတူညီချက် ရယူဖို့နဲ့ အဲဒီနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာကြောင့် ဒီအချက်ဟာ အရေးအကြီးဆုံးအချက်ဖြစ်မယ်လို့ လွှတ်တော်အမတ်တချို့က သုံးသပ် ပြောဆိုကြပါတယ်။
ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမရရင်တော့ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲမယ့်ကိစ္စဟာ အခက်အခဲ ရှိနိုင်ပါတယ်။
Your browser doesn’t support HTML5