ပုံမှန်ဝင်ငွေမရှိသူတွေကို အခြေခံစားသောက်ကုန် ဖြန့်ဖြူးရေး အခက်အခဲရှိနေ

(Zawgyi/Unicode)

မလိုအပ်ပဲ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားတဲ့ ၁၀ ရက်အတွင်းမှာ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ရိက္ခာတွေ ဝေးပေနေတဲ့ အခြေအနေတွေ ဘယ်လို ရှိနေသလဲဆိုတာကို မ အိမ့်သန္တာထွန်း ကပြောပြပေးပါမယ်။

အစိုးရက အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ အတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့ကို ရပ်ကွက်အလိုက် ပေးဝေနေကြပါပြီ။

ဒီလို ပေးဝေတဲ့ အခါ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ တွေရဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စီစဉ်ဆောင်ရွက်တဲ့ နေရာမှာ အခက်အခဲတစ်ချို့ ကြုံတွေ့ နေရတာတွေရှိပါတယ်။

အခြေခံလူတန်းစား လက်လုပ်လက်စား အရေအတွက် စာရင်းကို ကောက်ယူရာမှာ အချိန် ၂ရက်ပဲ ရရှိတဲ့အတွက် စာရင်းမှာ မပါဘဲ ကျန်ခဲ့တယ်ဆိုပြီး လာပြောတဲ့ လူတွေရှိသလို အခြေခံလူတန်းစား စားရင်ထဲမှာ မပါလိုက်ပေမယ့် တကယ်လိုအပ်တဲ့ သူတွေကို ထောက်ပံ့ရိက္ခာပေးဖို့ကို လည်း လှိုင်သာယာမြို့နယ်မှာ ပြင်ဆင်နေပါတယ်။

ဒီလို စီစဉ်နေတာနဲ့ ပတ်သက်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ မြို့နယ်မှာက ကိုဗစ် ကော်မတီလည်း ဖွဲ့ထားတယ်။ ခု ရပ်ကွက်တွေမှာ ဘာဖြစ်လဲ ဆိုတဲ့ခါကျတော့ စာရင်းတွေက ကျန်ခဲ့တယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆီကို ကွန်ပလိန်းတွေ အများကြီး တက်လာတယ်ဗျာ။ တက်လာတဲ့ ခါကျတော့ မြို့နယ်ကော်မတီက လူတွေက လွှတ်တော်ကိုယ်စားလှယ် တွေရော ဌာန်ဆိုင်ရာတွေရော ပါတာကို၊ ကျန်နေခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက်ကို ပေါ့နော် နိုင်ငံတော်က ပေးတဲ့ဆန် ၈ ပြည်တော့ မဟုတ်ဘူးပေါ့ဗျာ နည်းရင်လည်း နည်းမှာပေ့ါ။ ၄ ပြည်လောက်လဲ ဖြစ်ရင် ဖြစ်သွားမှာပေါ့လေနှော်။ ကျန်နေခဲ့တဲ့ စာရင်းတွေကိုတော့ ကျွန်တော်တို့ စုဆောင်း ထားပြီပေါ့ဗျာ။ အဲ့စာရင်းတွေအကုန်လုံးတက်လာပြိးတဲ့ ခါကျရင်တော့ ကျွန်တော်တို့ ဒီကော်မတီမှာ ပါတဲ့သူတွေ အကုန်လုံး ထိုင်ပြီးတဲ့ အခါကျရင်တော့ ဒီဟာကို ဘယ်လို ဆက်လက် ဆောင်ရွက်ပေးမယ်ဆိုတာကို ကျွန်တော်တို့ ပေးတာတော့ ပေးဖို့ စီစဉ်မှာပါ ဒါပေမယ့် ကျွန်တော်တို့ ကျန်နေခဲ့တဲ့ စာရင်းတွေကိုတော့ တင်ခိုင်းထားတယ်ဗျ အဲ့ဒါတော့ ရှိတယ်။”

လွှတ်တော်ကိုယ်စားလှယ်ရုံးကလည်း စာရင်းမှာ မပါဘဲ ကျန်နေခဲ့တဲ့ သူတွေထဲက လူဦးရေ တစ်ထောင်စာ အတွက် ဆန် ၆ ပြည်စီ ပေးဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

အခြေခံစားသောက်ကုန် ဝေပေးဖို့ဆောင်ရွက်တဲ့နေရာမှာ ပစ္စည်းတွေကို သက်ဆိုင်ရာ မြို့နယ်မှာ သွားထုတ် ယူရတဲ့အခါ ပစ္စည်းတွေက များပြီး လေးလံတဲ့ပစ္စည်းတွေဖြစ်တာကြောင့် သယ်ယူတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ အေးသာယာမြို့နယ်က အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပစ္စည်းတွေဝေတဲ့အခါမှာ လူစုလူဝေးမဖြစ်ဖို့နှင့် ရောဂါကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ စနစ်နဲ့ ဝေပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

“တန်းမစီခိုင်းဘူး။ ကျွန်တော်တို့က အိမ်တိုင်ရာရောက်စနစ်ပေါ့။ ကျွန်တော်တို့က မူလကတည်းက စာရင်းပြုစုထားတာတွေရှိတာကိုး။ ဒီစာရင်းကို ကြည့်ရင် ဒီအိမ်ဘယ်နားမှာရှိတယ်ဆိုတာ ရာအိမ်မှူးက တန်းသိပြီးသား။ အဲ့ဒီလိုကို ပစ္စည်းတွေသယ်သွားပြီးတော့မှ အပိုင်းတွေခွဲတာပေ့ါနှော်။ အဖွဲ့တွေပြန်ခွဲ နယ်မြေအလိုက် ရပ်ကွက်တွေထဲမှာ ၊ အိမ်တိုင်ရာရောက်စနစ်ပဲ ပို့ပေးတယ်။”

ထောက်ပံ့ ရိက္ခာရရှိတာနဲ့ ပတ်သက်လို့ ဘာတွေရသလဲ ဘယ်လိုပုံစံနဲ့ ဝေပေးသလဲဆိုတာကိုတော့ မာန်အောင်မြို့နယ်က ဒေါ်နုနုကြိုင်က ခုလိုပြောပြပါတယ်။

“ထောက်ပံ့ပစ္စည်းကတော့ ၃ ခု ရတယ်။ ဆီရယ် ၊ ဆန်ရယ်၊ ဆားရယ်။ ကျေနပ်မှုတော့ ရှိပါတယ် သူတို့ ပေးတာ ရတာကိုး။ ၃ ပေမခြားပေမယ့် နီးနီးကပ်ကပ်တော့ မဟုတ်ပါဘူး။ နည်းနည်း လေးတော့ ခြားပါတယ် တစ်ယောက်နဲ့ တယောက်ကတော့”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID- 19 ကပ်ရောဂါ ဖြစ်ပွားလာမှာကို စိုးရိမ်တာ ကြောင့် သင်္ကြန်ရုံးပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ အပြင်ထွက်တာတွေ မလုပ်ကြဖို့၊ လူစုလူဝေးတွေ မလုပ်ဖို့ကိုအစိုးရက ညွှန်ကြားထားပါတယ်။

ဒီလို အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးတာကို လုပ်ဆောင်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID 19 ဖြစ်ပွားနေသူ စုစုပေါင်းက ၆၂ ဦး ရှိနေပြီး၊ သေဆုံးသူ ၄ ဦး ရှိပါတယ်။

Your browser doesn’t support HTML5

ပုံမှန်ဝင်ငွေမရှိသူတွေကို အခြေခံစားသောက်ကုန် ဖြန့်ဖြူးရေး အခက်အခဲရှိနေ


..............


(Unicode)













