စစ်ကောင်စီ စီးပွားရေးမူဝါဒအပေါ် ရှောင်တာနယ်အမြင်

NLD အစိုးရလက်ထက် စီးပွါးရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်လ်နဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းစဥ်။ (သြဂုတ် ၂၈၊ ၂၀၂၄)

စစ်ကောင်စီကကျင့်သုံးနေတဲ့ စီးပွားရေးမူဝါဒတွေဟာ သူတို့ စစ်နိုင်ရေးအထောက်အပံ့ဖြစ်စေဖို့ သက်သက်ဖြစ်နေပြီး တိုင်းပြည်အတွက် စီးပွားရေးကပ်ဆိုးကျရောက်စေတယ်လို့ စီးပွားရေးပညာရှင် ရှောင်တာနယ်က ပြောပါတယ်။ ဒါပေမယ့် ဒီအခြေအနေဆိုးကို ပြန်လည်ကုစားဖို့ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။ NLD ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခ ရှောင်တာနယ်ကို မစုမြတ်မွန်ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စီးပွားရေးပညာရှင်တယောက်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးကို ဘယ်လို သုံးသပ်ပါလဲ။ အချိန်မီ ပြန်ပြင်နိုင်သေးတဲ့ အခြေအနေမျိုးလို့ရော အကောင်းမြင်နိုင်ပါသေးလား။

Your browser doesn’t support HTML5

စစ်ကောင်စီစီးပွားရေးမူဝါဒအပေါ် ရှောင်တာနယ်အမြင်

ဖြေ။ ပြန်ပြင်လို့ရပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးတင်မဟုတ်ဘဲ လူတွေရဲ့ နေ့စဉ်ဘဝအခြေအနေ အားလုံးကိုကြည့်ရင် မြန်မာ့စီးပွားရေးဟာ တကယ့်ကို ကပ်ဆိုးကျနေပါတယ်။ ဘယ်နေရာကိုပဲ ကြည့်ကြည့်ပါ။ ငွေကြေးဖောင်းပွမှုကို ကြည့်မလား၊ အလုပ်လက်မဲ့အခြေအနေကိုကြည့်မလား၊ ဆင်းရဲမွဲတေမှုအဆင့်ကိုကြည့်မလား၊ GDP ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုနှုန်းကို ကြည့်မလား၊ အတော့်ကို ဆိုးဆိုးဝါးဝါးအခြေအနေပါ။ စီးပွားရေးကိုဂရုမစိုက်တဲ့စစ်ကောင်စီက လုပ်နေတော့လည်း သိပ်တော့အံ့ဩစရာ မရှိပါဘူး။ ကျန်းမာရေးမူဝါဒ၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ တကယ့်ကို စီးပွားရေးတခုလုံးကို စစ်နိုင်ဖို့အတွက်ပဲ လုပ်နေတယ်ဆိုတာ ဟန်ဆောင်ပြီးတောင် ဖုံးကွယ်မနေတော့တာ သတိထားမိပါတယ်။ စီးပွားရေးဆိုင်ရာမူဝါဒတွေကို စဉ်းစားလိုက်တိုင်းမှာ သူတို့အတွက် ဘယ်လို အထောက်အကူဖြစ်မလဲဆိုတာပဲ ရှေ့တန်းတင်နေတယ်ဆိုတာ စီးပွားရေး မူဝါဒတွေကနေ မြင်သာနေပါတယ်။ ငွေလွှဲလုပ်ငန်းတွေ၊ နိုင်ငံခြားရောက်မြန်မာတွေ ပို့တဲ့လိုက်တဲ့ငွေတွေ၊ ပို့ကုန်လုပ်ငန်းလုပ်နေသူတွေဆီကနေ နိုင်ငံခြားငွေ ဘယ်လိုရအောင်လုပ်မလဲဆိုတာပဲ ရှေ့တန်းတင်ကြိုးပမ်းနေပါတယ်။ ဘဏ်တွေကနေ ပြည်သူတွေ ငွေထုတ်ယူလို့မရအောင် ကန့်သတ်တာတွေလည်းပါပါတယ်။ ဒါကြောင့် စီးပွားရေးက ဒီလောက် ဆိုးဆိုးဝါးဝါး အကျပ်အတည်းဖြစ်နေတာမထူးဆန်းပါဘူး။ ဒါပေမယ့် သတင်းကောင်းကတော့ ဒီ အကျပ်အတည်း ဆိုးကြီးကို အုပ်ချုပ်နေသူတွေကလုပ်နေတာမို့ ဒီထက်ကောင်းမွန်တဲ့ အစိုးရတရပ်ကနေ ဒါကို ပြန်ပြုပြင်လို့ရပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ တချို့ ကို အပြုသဘောနဲ့အကောင်းမြင်ထားပါတယ်။

မေး။ ။ ဖြစ်နေတဲ့ စီးပွားရေးပြဿနာတွေအပေါ် စစ်ကောင်စီရဲ့ ကိုင်တွယ်ဖြေရှင်းပုံကိုလည်း မေးချင်ပါတယ်။ ဘဏ်လုပ်ငန်းရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ ကုန်သည်တွေကို ဖမ်းလိုက် တရားစွဲလိုက်တွေ လုပ်နေပါတယ်။ သူတို့ရဲ့ ကိုင်တွယ် ဖြေရှင်းပုံက တကယ့်ပြဿနာကို ပြေလည်အောင် လုပ်နေတယ်လို့ မြင်လို့ရနိုင်ပါလား။

ဖြေ။ ။ မယုံကြည်နိုင်လောက်အောင်ကို ဖျက်လိုဖျက်ဆီးလုပ်နေတာပါ။ ဘဏ်လုပ်ငန်းရှင်တွေ၊ ရွှေလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ နိုင်ငံခြားကပြန်ပို့ငွေ အလွှဲအပြောင်းလုပ်ပေးတဲ့ ကိုယ်စားလှယ်တွေ၊ ဟွန်ဒီသမားတွေကို ဖမ်းဆီးနေတာ တကယ့်ကို မယုံနိုင်လောက်တဲ့ လုပ်ရပ်ဆိုးတွေပါပဲ။ ဒါတွေကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းဆောင်တာတခုလုံးက မှောင်ခို စီးပွားရေးဆီ တွန်းပို့လိုက်တာပါ။ မြန်မာ့စီးပွားရေး ဆက်လက်လည်ပတ်နေတာက မှောင်ခိုစီးပွားရေးကြောင့် လည်ပတ်နေတာပါ။ စီးပွားရေးလုပ် ခေါင်းလေးပြူလိုက်တာနဲ့ အနှိပ်ကွပ်ခံရမယ့်ကိန်းပါ။ အခုဖြစ်နေတာက စီးပွားရေးကပ်ဆိုးကြုံနေတာတင်မဟုတ်ပါဘူး။ ခေတ်သစ်စီးပွားရေးရဲ့ အသက်က ယုံကြည်မှု ဖြစ်ပါတယ်။ ငွေရေးကြေးရေးကိစ္စတွေနဲ့ ဘဏ်လုပ်ငန်းဆိုတာ ယုံကြည်မှု ရာနှုန်းပြည့် ရှိရပါတယ်။ ငွေကြေးကိစ္စ၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စတွေ ပြောကြဆိုကြရင် ဘဏ်ကနေ ငွေဘယ်လို ထုတ်ယူရမလဲဆိုတဲ့ ယုံကြည်မှု၊ ငွေတန်ဖိုးတွေကို ဖုံးကနေ လွှဲပြောင်းပေးနိုင်တဲ့ ယုံကြည်မှုကိစ္စတွေ၊ ချေးငွေတွေကို ပြန်ဆပ်မယ်ဆိုတဲ့ ယုံကြည်မှုကိစ္စတွေ ပါလာပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ဟိုးအထက်ကနေ အောက်ခြေအဆင့်တွေအထိ ယုံကြည်မှုဆိုတာကို ဖျက်ဆီးလိုက်ပါတယ်။ အခုအခြေအနေမှာ လူတွေက သူတို့ရှင်သန်နိုင်ဖို့ သူတို့လုပ်သမျှတွေကို ကွယ်ဝှက်ထားရမယ်ဆိုတာမျိုး ဖြစ်နေကြပါတယ်။ စီးပွားရေးတိုးတက်ရေးက အဓိက မဟုတ်တော့ဘဲ သူတို့ ဆက်လက်ရှင်သန်ရေးကို ရှေ့တန်းတင်ရတဲ့ ဗျူဟာဖြစ်နေပါတယ်။

မေး။ ။ အခုလက်ရှိ စီးပွားရေးအခြေအနေကို ပြုပြင်ဖို့ အခွင့်ပေါ်လာမယ်ဆိုရင် ဘာကို အရင်ဆုံး အရေးတကြီး ပြုပြင်ရမယ်လို့ ပြောချင်ပါသလဲ။

ဖြေ။ ။ ပြုပြင်စရာတွေ အများကြီးရှိပါတယ်။ အရမ်းအကောင်းကြီးမြင်နေတာမဟုတ်ပေမယ့် အနည်းငယ်တော့ အပြုသဘော အကောင်းမြင်တာ ရှိပါတယ်။ အတော်အသင့် ကောင်းမွန်တဲ့အစိုးရတရပ် အစားထိုးနိုင်မယ်ဆိုရင်ပဲ လျှင်လျှင်မြန်မြန် လုပ်နိုင်မယ်လို့ ကျနော် တကယ် ယုံကြည်ပါတယ်။ အခု မူဝါဒတွေက အတော်ကြီး ပျက်စီးခြင်းဖြစ်နေပါတယ်။ လူတွေရဲ့ ဥစ္စာပစ္စည်းတွေကို သိမ်းယူတာမလုပ်တဲ့ ပုံမှန် တဝက်တပျက်အစိုးရမျိုးဖြစ်လာရင်ပဲ ပုံမှန်စီးပွားရေးဆီကို ပြန်လှည့်သွားနိုင်ပါတယ်။ ဒါကြောင့် လုံလောက်တဲ့အလှည့်အပြောင်းကို တော့ မြန်မြန်ဆန်ဆန်လုပ်လို့ရပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရမှာကတော့ လူတွေကိုဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကိုသိမ်းယူတာ၊ သွားလာမှုတွေကို ရပ်တန့်တာ၊ တခြားကန့်သတ်မှုတွေ စသဖြင့် အခု စစ်ကောင်စီက ချမှတ်လုပ်ဆောင်နေတာအားလုံးကို ဖယ်ရှားရပါမယ်။ ဒါကြောင့် အပြောင်းအလဲကို အများကြီးလုပ်ဖို့ မလိုသေးဘူးဆိုတာ သတင်းကောင်းလို့ ကျနော်ယူဆတယ်။ အရင်းအမြစ်ပိုင်းမှာလည်း အသုံးစရိတ်တွေ အများကြီး အပြောင်းအလဲ လုပ်စရာမလိုသေးပါဘူး။ အရေးတကြီး ပထမဆုံးလုပ်ဖို့လိုအပ်တာကတော့ စီးပွားရေးမှာ နိုင်ငံတော်က ပါဝင်မှုကို နောက်ဆုတ်လိုက်ဖို့ပါ။ စစ်ကောင်စီက အခုလုပ်နေတဲ့ ဆိုးဆိုးဝါးဝါး ကန့်သတ် အရေးယူဆောင်ရွက်နေတာတွေကို ဖယ်ရှားလိုက်ဖို့ပါ။

မေး။ ။ နိုင်ငံတခုမှာ စီးပွားရေးတိုးတက်ဖို့ ငြိမ်းချမ်းတည်ငြိမ်မှုက အဓိကလိုအပ်ချက်တခုဖြစ်တော့ မြန်မာနိုင်ငံ စီးပွားရေးပြန်ကောင်းလာဖို့ ဘယ်လောက် အားထုတ်လုပ်ရဦးမယ်လို့ ခန့်မှန်းပါလဲ။

ဖြေ။ ။ တကယ့်ကို အတော်ကောင်းတဲ့အချက်ကို ခင်ဗျား မေးတာပဲ။ ခင်ဗျားပြောတာ မှန်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက ပထမ အချက်ပါ။ ဒီအကြောင်း အစောကတည်းက ကျနော် ပြောခဲ့သင့်တာပါ။ ယုံကြည်မှုတွေ ဖျက်ဆီးလိုက်တဲ့အကြောင်း ကျနော် ပြောခဲ့ပါတယ်။ အခု ကြုံနေရတဲ့အခြေအနေ အဓိကအကြောင်းက နိုင်ငံတော်ဟာ ကိုယ့်လူထုနဲ့ကိုယ် စစ်ဖြစ်နေလို့ပါ။ ဘယ်သူမှ လုံခြုံမှု မရှိပါဘူး။ စီးပွားရေး အရ စိတ်ချလုံခြုံမှုကိုပဲ ကြည့်ပါဦး ဒီအတိုင်းပါပဲ။ အရင်ဆုံးဖြစ်ရမှာက အခုဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့ ပါပဲ။

Your browser doesn’t support HTML5

စစ်ကောင်စီ စီးပွားရေးမူဝါဒအပေါ် ရှောင်တာနယ်အမြင်