စစ်ကောင်စီ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိနိုင်ကြောင်း ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ

ကုလအစည်းအဝေးမှာတွေ့ရတဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း (အောက်တိုဘာ ၇၊ ၂၀၂၄)

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာရွေးကောက်ပွဲဟာ အတုအယောင်ပါလို့ ကုလရဲ့တတိယကော်မတီမှာ ပြောလိုက်ပါတယ်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုကိစ္စရပ်တွေဆွေးနွေးတဲ့ ဒီ ကုလသမဂ္ဂရဲ့ တတိယကော်မတီ အစည်းအဝေးမှာ၊ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း အခုလို ပြောခဲ့တာကို မနေ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီ တတိယကော်မတီ အစည်းအဝေးရဲ့ တရားမျှတမှုနဲ့ ပြစ်မှုဆိုင်ရာ အထွေထွေဆွေးနွေးပွဲကို တနင်္လာနေ့က လုပ်ခဲ့တာမှာ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်မှုရှိမှာမဟုတ်ဘူးလို့ ဒီထုတ်ပြန်ချက်ထဲ ဖော်ပြခဲ့ပါတယ်။

မြန်မာမှာ ကျင်းပဖို့ သင့်လျော်တဲ့အခြေအနေမှာလည်းမရှိတဲ့ ဒီရွေးကောက်ပွဲကို ပြည်သူတွေကလည်း ထောက်ခံမှုမရှိပါဘူးလို့ ဦးကျော်မိုးထွန်းက ထည့်ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အာဏာသိမ်းအပြီး ပြစ်မှုဆိုင်ရာတရားဥပဒေစိုးမိုးမူယိုယွင်းကာ၊ အရင် ရွေးကောက်ခံအစိုးရလက်ထက်က မူးယစ်ဆေးနဲ့ နယ်စပ်ဖြတ်ကကျော် ရာဇဝတ်မှုနှိမ်နင်းရေးကြိုးပမ်းမှုတွေလည်း အဟန့်အတားဖြစ်ခဲ့ရတယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြခဲ့ပါသေးတယ်။

တချိန်ထဲမှာ မြန်မာစစ်တပ်အနေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် လူမဆန်စွာ ကျုးလွန်ရက်စက်မှုတွေအပေါ်လည်း တရားမျှတမှုရရေး နိုင်ငံတကာကနေ ထိထိရောက်ရောက် ကူညီထောက်ပံ့ပေးဖို့ကိုပါ ဒီတတိယကော်မတီအစည်းအဝေးမှာ တောင်းဆိုခဲ့ပါသေးတယ်။

ဒီမတိုင်ခင် ကုလရဲ့ ဥပဒေဆိုင်ရာကော်မတီက သဘာဝဘေးအန္တရာဆိုင်ရာဆွေးနွေးပွဲမှာလည်း၊ ရေဘေးအကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ နိုင်ငံတကာ အကူအညီရောက်နိုင်ဖို့အပြင်၊ လူလုပ်တဲ့ စစ်ဘေးအန္တရာယ်ကိုပါ ထည့်သွင်းပြဋ္ဌာန်းဖို့လိုလာတာကို ဦးကျော်မိုးထွန်းက ထည့်ဆွေးနွေးခဲ့ပါသေးတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိနိုင်ကြောင်း ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ